သတင်း

တပ်မတော် ဖမ်းဆီးခဲ့သည့် ကျောက်တော် ဒေသခံတဦး ဒဏ်ရာများဖြင့် ဆေးကုနေရ

Want create site? Find Free WordPress Themes and plugins.

တပ်မတော်မှ ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာ သားတဦးမှာ စစ်ကြောရေး ကာလအတွင်း ရိုက်နှက်ခံရသည့် ဒဏ်ရာပြင်းထန်မှုကြောင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း မိသားစုများထံမှသိရသည်။

ဆေးကုသခံယူနေရသူမှာ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်း ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကျေးရွာအတွင်း မိမိ နေအိမ်၌ရှိနေစဉ် တပ်မတော်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဇနီးဖြစ်သူ ဒေါ်ဦးလှယဉ်က “ ခြေထောက်၊ ပေါင်၊ ရင်ဘတ်တွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ညိုမဲနေတဲ့ ဒဏ်ရာတွေ အသက်ရှု ကျပ်တာတွေဖြစ်နေတယ်။ စစ်သားတွေက ဖမ်းဆီးသွားပြီးတော့ လည်ပင်းတွေကို ကြိုးကွင်းစွပ်တာတွေ၊ ခြေထောက်တွေ၊ ခန္ဓာကိုယ်အနှံ့ကို သေနတ်တွေနဲ့ ထုထောင်းခဲ့တာ။ ဒဏ်ရာတွေက ပြင်းထန်နေတဲ့ အတွက် ဆေးကုသနေရတာ” ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က တပ်မတော်သားများသည် ရုပ်သားကျေးရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက် လာပြီး အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များအားလုံးကို နေအိမ်ပြင်ပသို့ခေါ်ထုတ်ပြီး ကျေးရွာရှိ စာသင်ကျောင်း၌ စစ်ဆေးမှုများပြုလုပ်ခဲ့သည့်နောက် ၁၈ ရက်နေ့တွင် ဦးမောင်ကျော်သန်းတဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးပြီးနောက်ပိုင်း အောက်တိုဘာ ၁၉ ရက်နေ့တွင် ဦးမောင်ကျော်သန်းအား တပ်မတော်များက ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့ကာ အချိန် တပတ်ကြာမှ ယနေ့တွင် ရဲစခန်းကနေ လာရောက်ကာ ဆေးကုနေရခြင်းကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ဆက်လက်ပြီး ဒေါ်ဦးလှယဉ်က “ ကိုယ့်အိမ်ကနေ ဆေးကုသစေချင်တာ အခုတော့ ရဲစခန်းမှာကနေ လာပြီး ပြနေရတယ်။ ဆရာဝန်ကြီးကလည်း ဆေးရုံတက်ပြီးကုသပေးရမယ်လို့ ပြောတယ်။ အခုကတော့ ရဲစခန်းကတော့ ဒီလိုကုသဖို့ ခွင့်ပြုမပြုကို မသိရသေးဘူး ” ဟုဆိုသည်။

ယင်းလူနာအား ကျောက်တော်မြို့မ ရဲစခန်းကနေ အချိန်ပိုင်းလာရောက် ဆေးကုသနေရမှုနှင့် ပတ်သက်ပြီး ရဲစခန်းသို့ ဆက်သွယ်ရာတွင် ရဲစခန်းမှ တာဝန်ရှိသူတဦးက “ စခန်းကနေ ဆေးရုံမှာ ကုသနေတာ ဟုတ်တယ်။ ကျန်တာတွေကို ပြောလို့မရဘူး ” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်ရာတွင် ၎င်းမှာ AA အမာခံတဦးဖြစ်ကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၁၈ ရက် နံနက် ပိုင်းတွင် ရုပ်သားကျေးရွာ ဘုန်းတော်ကြီးအနီး မသင်္ကာဖွယ် လူတဦး ကို ခေါ်ယူစစ်ဆေးခဲ့ရာ ဦးမောင်ကျော်သန်း ကိုင်ဆောင်ထားသည့် OPPO အမျိုးအစား ဖုန်းအတွင်း AA တပ်ဖွဲ့ဝင်များက တပ်မတော် စစ်ကြောင်း ယာဉ်တန်းများနှင့် သွားလာလှုပ်ရှားမှုများအား ချောင်းမြောင်း၍ မိုင်းထောင်တိုက်ခိုက်မှုများကို အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့သည့် အသံဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ၎င်းအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်က ဆိုသည်။

ယင်းသို့ တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြသောဖုန်းမှာ ဦးမောင်ကျော်သန်း ဖုန်းမဟုတ်ကြောင်းအပြင် အပြစ်ဘဲနှင့် စွပ်စွဲချက်သာဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းအပြင် ရုပ်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က “သူကလယ်ယာ ဥယျာဉ်လုပ်စားနေတာ။ ရဲစခန်းမှာတော့ ဒီလူဟာ လူကောင်းတယောက်ဖြစ်တယ်။ ဆိုတာကို ပြောခဲ့တယ်။ သူ့မှာ ဖုန်းရှိတယ်လို့လည်း မသိဘူး။ သူက အေးဆေး သစ်သီး၊ ဟင်းရွက်တွေ ရောင်းတယ်။ ဘယ်အဖွဲ့ဝင်မှလည်း မဟုတ်သလို ဘယ်အဖွဲ့အစည်းတွေနဲ့ မှ ဆက်သွယ်တာကိုလည်း မမြင်ဘူး” ဟု ဆိုသည်။

ရခိုင်စစ်ပွဲများနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ်အတွင်းသံသယဖြင့် ဒေသခံများ ဖမ်းဆီးခြင်းမှာ လူ ၁၀၀ ကျော်အထိ ရှိနေပြီး ယင်းအထဲမှ တချို့ဒေသခံများမှာ ရိုက်နှက်ခံရခြင်းများကြောင့် သေဆုံး ဒဏ်ရာရသူများရှိနေသည့် အတွက် ထိုလုပ်ရပ်များကို တပ်မတော်ဘက်မှ ဆင်ခြင်သင့်ကြောင့် ဒေသံများက ဝေဖန်ကြသည်။

ကျောက်တော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ ဒေသခံတွေကို သံသဖမ်းဆီးပြီး ညှင်းပန်း နှိပ်စက်မှုတွေက မလုပ်သင့်တော့ဘူး။ သံသယရှိလို့ အထောက်အထားရှိရင် တရားစွဲဆိုတာက တပိုင်းပေါ့။ အခုက ပုံစံအမျိုးနဲ့ နှိပ်စက်တာတွေကတော့ လက်ခံနိုင်စရာ အကြောင်းမရှိတဲ့ အတွက် ဒီကိစ္စမျိုးတွေ လုပ်ဆောင်မှုကို ရပ်တန့်သင့်ပြီ ” ဟု ပြောသည်။

ထို့အတူ သံသဖြင့် ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်ခြင်းမှာ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၅ ကို ချိုးဖောက်ရာ ကျရောက်ပြီး ကျူးလွန်ခဲ့သူတို့အား ထိုက်တန်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်နေကြောင်းလည်း လူ့အခွင့်အရေးကာကွယ်သူများက ထောက်ပြနေကြသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ ရှေ့နေဦးဇော်ဇော်မင်းက “သံသယနဲ့ ဖမ်းဆီးပြီးတော့ တဦး တယောက်ကိုမျှ ထိခိုက်ညှင်းပန်း ဆက်ဆံမှုမျိုး မပြုလုပ်ရလို့ လူ့အခွင့်အရေး ကြေညာချက်မှာ ပြဌာန်းထားတဲ့အတွက် ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးဖို့လိုတယ်။ လက်ရှိမှာ တပ်မတော်ဘက်က ပြစ်ဒဏ်ပေးမှု မရှိသလို ဖြစ်နေတယ်။ ဒါကြောင့် အခုလို ကိစ္စမျိုးတွေ ထပ်မံကျူးလွန်ဖို့အတွက် တွန်းအားပေးနေသလိုပဲ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားနေသည့် ကာလ၌ တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့စဉ် စစ်ကြောရေးကာလအတွင်း ဒဏ်ရာရသူ၊ သေဆုံးသူတို့လည်း များပြားလာနေသည်။

You may also like these stories:

ဦးဂါရွာသူအမှု စစ်တရားရုံးဖွဲ့၍ စစ်ဆေးနေဟု တပ်မတော်ပြော

စနဲမြို့ ၌ တပ်မတော်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၂ ဦးသေ ၂ ဦးဒဏ်ရာရ

ပေါက်တောမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် AFP ပါတီ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading