ထောင်ပြေးမှု ပုဒ်မ၂၂၄ ဖြင့် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမှုအပေါ် နိုဝင်ဘာ ၃ ရက်တွင် နှစ်ဖက် လျှောက်လဲချက် ကြားနာမည် ဖြစ်သည့်အတွက် မကြာမီ အပြီးသတ်အမိန့် ချနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ယနေ့ ရုံးထုတ်ရာတွင် ပုဒ်မ-၂၂၄ အမှုအတွက် တရားခံပြ သက်သေ တဦးကိုသာ စစ်ဆေးခဲ့ပြီး ကျန် ၅ ဦးအား ဦးကျော်မြင့် တို့ဘက်က ပြန်လည် ပယ်ဖျက်ခဲ့သည့်အတွက် အမှုမှာ ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။
ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်က “ပုဒ်မ-၂၂၄ အရ အမှုကတော့ လျှောက်လဲချက်ဆိုတော့ အမိန့်ချဖို့ က နီးစပ်ပါတယ်” ဟု ပြောသည်။
ပုဒ်မ-၂၂၄ အမှုတွင် တရားခံပြ သက်သေများ ပြန်လည် ပယ်ဖျက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း “သက်သေတွေ ပယ်လိုက် တာကတော့ ဥက္ကဋ္ဌ (ဦးကျော်မြင့်)ရဲ့ ဆန္ဒပါ၊ ကျနော်တို့ သူ့ကို တင်ပြတယ်။ သူကနေမှ ပယ်လိုက်တော့မယ် ဆိုတော့ ပယ်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ဦးကျော်မြင့်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ဆိုသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၂၄ ဖြင့် ပြစ်မှုထင်ရှားပါက ကျူးလွန်သူအား၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ဟု ပြဋ္ဌာန်းထားပြီး ကျူးလွန်သူအနေဖြင့် ပြစ်မှု ကြွေးကျန်များလည်း ကျခံ ရမည် ဖြစ်သည်။
ယင်းပြင် ဦးကျော်မြင့်အား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ-၁၃(၁)ဖြင့် ထပ်မံ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့ရုံးထုတ်တွင်ပင် တရားလိုပြသက်သေ ၅ ဦးအား စစ်ဆေးခဲ့ပြီး လာမည့် နိုဝင်ဘာ ၃ ရက်တွင် လ.ဝ.က အရာရှိ နှစ် ဦး၊ အမှုစစ်ရဲနှင့် ရှာဖွေသက်သေ တဦးတို့ကို ဆက်လက် စစ်ဆေးမည် ဖြစ်သည်။
ယနေ့ စစ်ဆေးခဲ့သည့် တရားလိုပြ သက်သေ ၅ ဦးသည် တရားလို ဒုရဲမှူး အောင်မင်း၊ ဒုရဲမှူး ကျော်သီဟ၊ ဦးအောင်လွင် ချစ်၊ ဦးအောင်မင်းကြည်၊ ဦးကျော်ခိုင် တို့ဖြစ်ကြောင်း တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။
ဦးကျော်မြင့်သည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ တဆင့် မူဆယ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပါတီ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)ထံသို့ တင်ပြရာတွင် ၎င်း၏ မှတ်ပုံ တင်အား တင်ပြခဲ့ခြင်း မဟုတ်ဘဲ ကွတ်ခိုင်မြို့နယ်ရှိ အမျိုးသားတဦး၏ မှတ်ပုံတင်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ထုတ်ဖော် ပြောကြားထားသည်။
ယင်းအတွက် လ.ဝ.က အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေတွင် မူဆယ်နယ်စပ်ဂိတ်နှင့် ၎င်းထောင်မှထွက်ပြေးစဉ် က ထွက်ခွာခဲ့သည့် မြဝတီနယ်စပ်ဂိတ်မှ လ.ဝ.က အရာရှိနှစ်ဦးအား သက်သေအဖြစ် ခေါ်ယူထားကြောင်းလည်း သိရ သည်။
ဦးကျော်မြင့်သည် မြန်မာကျုံယွမ် ကုမ္ပဏီအား တည်ထောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းကုမ္ပဏီအား ၁၉၉၇ ခုနှစ်တွင် အစိုးရ က အမည်ပျက် စာရင်းသွင်းခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ၎င်းအား ပုဒ်မ-၅(ည)၊ ပုဒ်မ-၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချ မှတ်ခဲ့သည်။
ယင်းနောက် ၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် မန္တလေးထောင်မှ အပြင် ဆေးရုံကြီးသို့ ဆေးကုသရန် သွားရောက်ပြသစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ထောင်မှထွက်ပြေးပြီးနောက် နော်ဝေနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါ နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်၍ နှင်းဆီပါတီ ဥက္ကဋ္ဌ တဦးဖြစ်လာခဲ့ပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ပါတီရုံးစိုက်ကာ ဆောင်ရွက်ခဲ့သည်။
ယင်းနောက်တွင် ထောင်ပြေးတဦးဖြစ်သူ ဦးကျော်မြင့်အား အစိုးရက စုံစမ်းစစ်ဆေးပြီးနောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့၊ ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့ကာ ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် မန္တလေးမြို့၊ ချမ်း အေးသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ
နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ