စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်၏ ပင်မမြစ်လက်တက် ဖြစ်သော ဥရုမြစ်ရေလျှံကာ အိမ်ထောင်စု ၅၈၁ စု ရေဘေးအန္တရာယ် ကြုံတွေ့နေရပြီး အိမ်ထောင်စု ၇၄ စုမှာ ရေဘေးလွတ်ရာ နေရာပြောင်းရွှေ့နေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ထို့ပြင် စပါးဧက ၇,၀၀၀ ကျော်လည်း ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမည့် အခြေအနေ ကြုံတွေ့နေရသဖြင့် ပျက်စီးဆုံးရှုံးမှု စာရင်းကို ယနေ့ စတင်ကောက်ယူနေကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကလည်း “တမြို့နယ်လုံးလို ဖြစ်နေတာ ရေက ကြီးနေတာပေါ့။ ဥရုချောင်းရိုးတလျောက် အကုန်မြုပ်တယ်။ မိုးများလို့ဖြစ်နေတာ၊ ချောင်းကြီးဘက်က ရေက ထိုးကျတယ်။ မိုးကလည်း အဆက်မပြတ် ရွာတော့လေ။ အခု လောလောဆယ်တော့ ဥရုချောင်းရိုး အထက်ဘက်က နံ့သာရွာမှာ ကလေး ၁ ယောက် သေဆုံးမှု ဖြစ်ခဲ့တယ်” ဟု ပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့က မိုးရွာသွန်းမှုမှာ မိုးရေချိန် ၆ ဒသမ ၈၉ လက်မ၊ ၂၃ ရက်တွင် ၃ ဒသမ ၅၉လက်မ ၊ ၂၄ ရက်နေ့က ၄ ဒသမ ၆ လက်မ နှင့် ၂၅ ရက်နေ့တွင် ၁ ဒသမ ၆၉ ရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ တင်မာမာအေးက “အခုကတော့ စပါး ရိတ်ကာ နီးတွေလည်း ပါတယ်။ အနှံဝင်နေတဲ့ အခင်းလေးတွေလည်း ပါတယ်။ ဘယ်အဆင့်မှာ ဘယ်လောက် ထိခိုက် ပျက်စီး တယ်ဆိုတာကတော့ ဒီနေ့ပဲ နေပွင့်လို့ စပြီး စာရင်းကောက်နေပြီ” ဟု ပြောသည်။
၎င်းက ဆက်၍ “ရိတ်သိမ်းကာနီး အခင်းတွေကတော့ ပျက်စီးနိုင်ဖို့ အလားအလာ များတာပေါ့။ ရေက ၁ ရက်၊ ၂ ရက် အတွင်း၊ ၁ ပတ် အတွင်း ပြန်ကျရင်တော့ ပျက်စီးမှု နည်းနိုင်တာပေါ့။ ရေနစ်မြုပ်နေတဲ့ ကာလ မကြာရင်တော့ ထိခိုက်မှုနည်းတာပေါ့” ဟု ရှင်းပြသည်။
ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ခံပြီးပါက စိုက်ပျိုးတောင်သူများကို အစားထိုးစိုက်ပျိုးသည့် သီးနှံမျိုးစေ့များနှင့် ရေကြီး နစ်မြုပ်ခံရသော်လည်း ပျက်စီးမသွားသည့် စိုက်ခင်းများကို အခြေအနေ ပြန်လည်ကောင်းမွန်အောင် ပြုစုစောင့်ရှောက်ရန် နည်းပညာများနှင့် အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ထံမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့မှ စ၍ အောက် တိုဘာလ ၂၄ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၃ လက်မခန့် ကျော်လွန် ရောက်ရှိနေဆဲ ဖြစ်ပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ပုဂံဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်း ကန့်ကွက်မှုများရှိနေ
ဗီယက်နမ်မှာ မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၂၃ ဦး သေဆုံး