သတင်း

ပုသိမ် ပိုးတွေ့လူနာ မဲရုံမှူးနှင့် ထိတွေ့ခဲ့သူ ၄၇ ဦးအား အသွားအလာကန့်သတ်

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လာမည့် ရွေးကောက်ပွဲကာလ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာမ ၁ ဦး၌ အောက်တိုဘာလ ၂၄ ရက်နေ့က COVID–19 ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ၎င်းနှင့် ထိတွေ့ခဲ့သူ ၄၇ ဦးတို့ကို ကျန်းမာရေးဌာနက အသွားအလာကန့်သတ်ထားကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့၊ ကသည်းတန်းလမ်းတွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ်ရှိ အလယ်တန်းပြဆရာမ ၁ ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က ဖျားနာခဲ့ပြီးနောက် ပြန်လည်နေကောင်းခဲ့သဖြင့် ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတွင် ပြုလုပ် သော မဲရုံမှူးသင်တန်းသို့ အောက်တိုဘာလ ၂၂ ရက်နေ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် အနံ့ပျောက်သဖြင့် ပုသိမ်မြို့မှ “ဝင်း”ဆေးခန်း၌ပြသခဲ့ပြီး ထိုမှတဆင့် သာသနာ့ဗိမ္မာန်တွင် ဖွင့်လှစ်ထားသော ဒေသန္တရဆေးခန်း – Community Fever Clinic သို့ ပြသခဲ့ရာ ဆေးခန်းက ပုသိမ်ဆေးရုံကြီးသို့ လွဲှပြောင်းပေးခဲ့ပြီး ဆေးရုံ၌စစ်ဆေးရာ COVID–19 ရောဂါပိုး
တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “အဲဒီဆရာမ တက်တဲ့သင်တန်းမှာ သင်တန်းသား ၃၈ ယောက်ရှိတယ်။ ဒါပေမယ့် အဲဒီဆရာမက နောက်ဆုံးတန်းမှာ ထိုင်တယ်။ သင် တန်း ကလည်း ခုံတွေ ၆ ပေစီခြားပြီး လုပ်တာကြောင့် ဆရာမနဲ့ဘေးချင်းကပ်ထိုင်ခုံက လူ ၂ ဦးနဲ့ ဆရာမရဲ့ မိသားစုဝင် တွေ အပါအဝင် လူ ၁၀ ဦးကို ကွာရန်တင်း ထည့်ထားပြီး စောင့်ကြည့်နေတယ်။ အဲဒီ မဲရုံမှူးသင်တန်းက တခြားသော သင်တန်းသားတွေကိုတော့ အိမ်မှာပဲ ကွာရန်တင်းထားပြီး စောင့်ကြည့်မှုတွေ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပုသိမ်မြို့၏ ၁၄၅ ဦးမြောက် ကိုဗစ်လူနာ (Pathein Case 145) ဖြစ်သော မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဆရာမဖြစ်သူမှာ ပုသိမ်မြို့ဗိုလ်ကြီးကုန်း မူလတန်းကျောင်းမှ အလယ်တန်းပြ ဆရာမဖြစ်ပြီး ခရီးသွား ရာဇဝင်မရှိသလို ကိုဗစ်ပိုးတွေ့ လူနာနှင့် ထိတွေ့မိခဲ့သည့် ရာဇဝင် မရှိသော ရောဂါကူးစက်မှုနောက်ကြောင်း လိုက်မရသည့် ကိုဗစ်လူနာ ၁ ဦးဖြစ်ကြောင်း ပုသိမ်ပြည်သူ့ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင် က “ဆရာမက ခရီးသွားရာဇဝင်လည်း မရှိဘူး၊ ပိုးတွေ့လူနာနဲ့ ထိတွေ့တာ လည်း မရှိဘူး။ ဘယ်ကနေ ရောဂါကူးစက် လာသလဲဆိုတာ မသိရတဲ့ နောက်ကြောင်းလိုက်မရတဲ့ လူနာ ဖြစ်နေတယ်။ ပုသိမ်မှာတွေ့တဲ့ ကိုဗစ်လူနာအများစုကို ကျနော်တို့ နောက်ကြောင်းလိုက်လို့ရခဲ့တယ်။ ကျနော်တို့အားလုံး ကြိုးစား ဆောင်ရွက် ခဲ့တဲ့အတွက် ပုသိမ်မှာ ကိုဗစ်ဖြစ်ပွားမှု လျော့ကျလာတဲ့ အခြေအနေမှာ ဒီလိုနောက်ကြောင်းလိုက်မရတဲ့ လူနာ တွေ့ရှိတဲ့အပေါ် ကျနော်တို့ စိုးရိမ်တယ်” ဟု ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် Pathein Case 145 လူနာဖြစ်သော အလယ်တန်းပြဆရာမနှင့် တိုက်ရိုက် ထိတွေ့ခဲ့သူ ၁၄ ဦးအား ပုသိမ်ဆေးရုံကြီးတွင် စစ်ဆေးခဲ့ရာ COVID – 19 ရောဂါပိုး မတွေ့ရှိကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရန် ပြင်ဆင်ထားသည့် ပုသိမ်မြို့ခံ ကိုရဲမင်းထူးက “အခုက မဲရုံမှာ တာဝန်ထမ်းဆောင်မယ့် အထူးရဲတွေ၊ မဲရုံမှူးတွေမှာ ကိုဗစ်ပိုးတွေ့လာပြီဆိုတော့ ရွေးကောက်ပွဲနေ့မှာ မဲပေးရမှာတောင် လန့်နေမိတယ်။ မဲရုံတွင်း မှာ ၆ ပေခြားဖို့ လုပ်ပေမယ့် မဲရုံအပြင်မှာ လူတွေပြုံတိုးနေရင် ကိုယ်ကခွာသော်လည်း တခြားသူက မလိုက်နာဘဲ အတင်း တိုးနေရင် ဘယ်လိုလုပ်မလဲ။ အခုချိန်အထိ မဲရုံမှာ ကိုဗစ်မကူးစက်အောင် ဘယ်လိုလုပ်ထားလဲဆိုတာ ကျနော်တို့ မဲ ဆန္ဒရှင်တွေ သေချာမသိရသေးဘူး။ အဲဒီတော့ မဲပေးရင်း ကိုဗစ်ကူးမလားဆိုတာ တကယ်ကို စိုးရိမ်နေတယ်”ဟု ပြောသည်။

အောက်တိုဘာ လဆန်းပိုင်းအတွင်းကလည်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် မြောင်းမြ၊ ရေကြည်နှင့် ဘိုကလေး မြို့နယ် တို့မှ အထူးရဲတပ်ဖွဲ့ဝင်တချို့တွင် COVID – 19 ရောဂါပိုးရှိသူများ တွေ့ရှိခဲ့သည်။

ဧရာဝတီတိုင်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့ တရက်တည်း၌ ပုသိမ်၊ မအူပင်၊ ဖျာပုံမြို့များ အပါအဝင် မြို့နယ် ၁၃ ခု၌ ကိုဗစ်လူနာသစ် ၃၀ ဦး တွေ့ရှိခဲ့သည်။ ယနေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈၆၀ ဦးရှိပြီး ၎င်းတို့အနက် လူနာ ၅၆၅ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် တိုင်းအတွင်းရှိ ဆေးရုံ များ၌ ကိုဗစ်အတည်ပြုလူနာ ၂၉၅ ဦး တက်ရောက်ကုသနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းအရ သိရသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်နေသဖြင့် ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ပြည်သူများအား Stay at Home အမိန့်ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ ခု၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၅၂ ခု၊ ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်များအပါအဝင် မဲဆန္ဒနယ် ၉၂ ခုရှိပြီး ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ထားသည်။

You may also like these stories:

အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ

ကိုဗစ်-၁၉ အလွန် ကမ္ဘာ့ကျန်းမာရေးကွန်ရက်တွင် ထိုင်ဝမ်ပါဝင်ရေးကို ထောက်ခံခြင်း

COVID-19 ကုသရေးအတွက် Remdesivir ဆေးကို FDA အသိအမှတ်ပြု

Did you find apk for android? You can find new Free Android Games and apps.
Loading