သတင်း

ဖမ်းဆီးခံ အမ်း ဒေသခံ ၁၄ ဦး၏ အသက်အန္တရာယ် စိုးရိမ်ကြောင်း မိသားစုများက ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်မြောက်ရွာမှ ရွာသား ၁၂ ဦးနှင့် အနောက်ရွာ (ရှမ်းကုန်းရွာ) မှ ၂ ဦး စုစုပေါင်း ရွာသား ၁၄ ဦးကို တပ်မတော်မှ ခေါ်ဆောင်သွားသည်မှာ တပတ်ခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အထိ အဆက်အသွယ်မရကြသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ဒေသခံ ၁၄ ဦးတို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျေးရွာအနီး ဒါးလက် ချောင်း ထဲတွင် လှေငယ် ၇ စီးနှင့် ငါးရှာနေစဉ် တပ်မတော်စစ်ကြောင်းတခုနှင့် တွေ့ပြီး ကျေးရွာအနီးရှိ တပ်မတော် ယာယီစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဖမ်းဆီးခံရာတွင်ပါဝင်သော ဦးမောင်ကြည်သန်း၏ ဇနီး မသီတာက “ ငါးရှာတဲ့နေရာကနေ မေးစရာ ရှိတယ် ဆိုပြီး ခေါ်သွားတာ။ လက်ရှိမှာတော့ ချောင်းတဖက်ကမ်းက တပ်မတော် ယာယီစခန်းမှာ ရှိတယ်လို့တော့ သိရတယ်။ ခေါ်သွားတာ အခုဆိုရင် ၅ ရက်၊ ၆ ရက် ရှိပြီတော့ စိုးရိမ်ရတဲ့အတွက် ကျမ ယောက်ျားကို အမြန်ဆုံးလွတ်လာဖို့ မျှော်လင့်ပါတယ် ” ဟု ပြောသည်။

ဖမ်းဆီး ခံထားရသူတို့မှာ ဒါးလက်မြောက်ရွာမှ အသက် ၃၄ နှစ်ရှိ ကိုဌေးအောင်၊ အသက် ၃၅ နှစ်ရှိ ကိုညီညီ အောင်၊ အသက် ၃၇ နှစ်ရှိ ကိုလွမ်းဝေ၊ အသက် ၃၅ နှစ်ရှိ ကိုကျော်ဌေးလှိုင်၊ အသက် ၃၀ နှစ်ရှိ ကိုတင်ရွှေ၊ အသက် ၃၀ နှစ်ရှိ ကိုညီသိန်း၊ အသက် ၃၃ နှစ်ရှိ ဦးညီဝင်း၊ အသက် ၂၈ နှစ်ရှိ ကိုမောင်ကြည်သန်း၊ အသက် ၃၀ နှစ်ရှိ ကိုခင်မောင်မြင့်၊ အသက် ၄၀ နှစ်ရှိ ဦးဆန်းဝင်းမောင်၊ အသက် ၂၅ နှစ်ရှိ ကိုစိုးမင်းဌေး၊ အသက် ၂၀ နှစ်ရှိ မောင်စိုးမင်းနိုင်နှင့်အတူ ဒါးလက်အနောက်ရွာမှ ရွာသား ၂ ဦးတို့ ဖြစ်ကြောင်းလည်း ဒေသခံရွာသားများ ထံမှ သိရသည်။

ဖမ်းဆီးခံထားရသူတို့မှာ ဒေသတွင်း ငါးရှာရန် တပ်မတော်မှ ခွင့်ပြုထားသူများဖြစ်ကြပြီး ရရှိလာသည့်ငါးများကို တပ်မတော် သားများ ဝယ်ယူကာ ပိုလျှံသည့် ငါးများကို ကျေးရွာအတွင်း ရောင်းချလုပ်ကိုင်နေသူတို့ဖြစ်ကြောင်း သိရသည်။

ဒါးလက်မြောက်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝိသုတ္တက “ ဦးဇင်းရွာက ၁၂ ယောက် ဒါးလက် အနောက် ရွာခေါ် ရှမ်းကုန်းက ၂ ယောက် စုစုပေါင်း ၁၄ ယောက်ကို ခေါ်သွားတာ။ သူတို့ကို အဲဒီဒေသမှာ ငါးရှာဖို့ အတွက် တပ်ကလည်း အရင်တုန်းကလည်း ခွင့်ပြုထားတာ။ ရလာတဲ့ ငါးတွေကို တပ်မတော်သားတွေက ဝယ်တယ်။ ကျန်ပိုလျှံတဲ့ ငါးတွေကို ရွာမှာရောင်းတယ် အဲဒီလိုလုပ်နေကြတာ” ဟု မိန့်ကြားသည်။

ဆက်လက်ပြီး ဦးဝိသုတ္တက “ သူတို့ကို ခေါ်ထားတာဟာ ၅ ရက်ကျော်ရှိပြီဖြစ်လို့ တပ်ရင်းမှူးကို ဖုန်းဆက် မေးကြည့်တော့ မေးစရာနည်းနည်းရှိတဲ့ အတွက် ခေါ်ထားတယ်။ တရက်နှစ်ရက်နေရင် ပြန်လွှတ်ပေးမယ်လို့ တော့ ပြောတယ် ” ဟု မိန့်ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဆက်သွယ်ရာတွင် အစည်းအဝေးလုပ်နေသဖြင့် မအားသေးကြောင်း ဖြေဆိုသည်။

ယင်းဒါးလက်အုပ်စုသည် စစ်ရေးပဋိပက္ခဖြစ်နေသည့် ဒေသဖြစ်ပြီး ဒေသခံများမှာ လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ မကြာခဏရှိနေသည့် နေရာလည်းဖြစ်ပြီး စားဝတ်နေရေး ကျပ်တည်းမှုများရှိနေသည့် အတွက် အပြင်ထွက် ဝမ်းစာရှာစားသူများ ဖြစ်ကြရာ ခေါ်ဆောင်ထားသူများကို အမြန်ဆုံးလွှတ်ပေးသင့် ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

အမ်းမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ကိုင်နေသူ ကိုမျိုးလွင်က “ အခုလို စားဝတ်နေရေးအတွက် ရှာဖွေ နေရတာကို သံသယနဲ့ ဖမ်းဆီးခံရတာတွေဟာ ဒေသခံတွေက ကြောက်လန့်စေတယ်။ နောက်ပြီးတော့ အပြစ် မရှိရင် အမြန်ဆုံးလွှတ်ပေးသင့်ပြီ။ အခုလို အချိန်အကြာကြီး ထိန်းသိမ်းထားတာတွေ မလုပ်သင့်ဘူး ” ဟု ထောက်ပြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်ကျော်အထိ ကြာမြင့်လာပြီး ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များထိမှန်၍ အရပ်သားများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရရှိမှု နှင့်အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း ရှိနေသည်။

You may also like these stories:

တောင်ကုတ်တွင် ANP ပါတီ အင်အားပြ လှည့်လည်

ရခိုင်ပြည်နယ် တည်ငြိမ်ဖွံ့ဖြိုးရေး အဟန့်အတားများနှင့် ရင်ဆိုင်နေရဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဘယ်သူပဲနိုင်နိုင် တိုင်းပြည်ကောင်းဖို့ အရေးကြီးဟု သမ္မတဟောင်း ဦးသိန်းစိန် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading