ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပယ်ဖျက် စာရင်းပါသည့် မြို့နယ် ၉ ခုအနက် ၄ မြို့နယ်မှ မဲဆန္ဒနယ် တချို့ကို ပြန်သုံးသပ်ပေးရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ) မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သို့ တင်ပြထားကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ၉ မြို့နယ် နှင့် တခြား မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၅ နှင့် ကျေးရွာအုပ်စု ၁၃၇ ရွာများ ၌် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့သည်။
ထို့အတွက် အောက်တိုဘာလ၂၆ ရက်တွင် စစ်တွေမြို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ (ခွဲ)ရုံး၌ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ အပါအဝင် နိုင်ငံရေး ပါတီများ၊ ရပ်မိရပ်ဖ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတခု ပြုလုပ် ခဲ့သည်။
ယင်းတွေ့ဆုံပွဲ၏ ဆုံးဖြတ်ချက်အရ ပေါက်တောမြို့နယ်တခုလုံး အပါအဝင် မြို့နယ် ၄ ခုမှ မဲဆန္ဒနယ် တချို့ကို ရွေးကောက် ပွဲ ကျင်းပနိုင်ရေးအတွက် ပြန်လည် သုံးသပ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သို့ ဆက်လက် တင်ပြခဲ့ ခြင်းဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ဦးသူရိန်ထွဋ်က “တွေ့ဆုံပွဲမှာ ရခိုင်က ပေါက်တောမြို့နယ် တခုလုံးနဲ့ မောင်တော တောက်ဘက်ခြမ်းက မဲဆန္ဒနယ်၊ စစ် တွေ ကျေးရွာအုပ်စု ၄ ခုရယ်၊ တောင်ကုတ်မြို့နယ် အတွင်းက အုပ်စု ၇ ခုရယ်၊ ရွေးကောက်ပွဲ ကျင်းပပေးဖို့ သူတို့ အဲဒီ အစည်းအဝေးက ဆုံးဖြတ်ကြတယ်။ အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသား ပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင်လည်း စစ်တွေ မဲဆန္ဒ နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဦးထွန်းအောင်ကျော်ကတော့ ကျင်းပ၍ ရနိုင်ခြေရှိ သည့် မြို့နယ် တော်တော်များကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောသည်။
၎င်းက “ဒီနေ့ အစည်းအဝေးမှာတော့ မြို့နယ် ၄ ခုက မဲဆန္ဒနယ် တစိတ်တဒေသကိုသာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်တို့ကတော့ ကျင်းပလို့ ရနိုင်တဲ့ မဲဆန္ဒနယ် တော်တော်များများကို တင်ပြခဲ့တယ်။ ကော် မရှင်ဘက်က ပြန်ပြောတာကတော့ မြောက်ဦးလို မြို့နယ်တွေမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတာရှိ တယ်။ အဲဒီအတွက်ကြောင့် တာဝန်ယူပြီး လုပ်မယ့်လူတွေ မရှိတော့ အဲဒီလိုမျိုး မြို့နယ်တွေမှာတော့ မဖြစ်နိုင်ဘူးလို့ ပြော တယ်” ဟု ဆိုသည်။
အစည်းအဝေး တက်ရောက်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဒေါ်အေး မာခင်က “ကျမတို့ ဒီနေ့ အစည်းအဝေးမှာ မြို့နယ်အားလုံးကို တင်ပြဆွေးနွေးခဲ့ကြတယ်။ ဘယ်နေရာကိုတော့ လုပ်သင့် တယ်ဆိုတာမျိုး အားလုံးက ဝိုင်းဝန်းဆွေးနွေးပြီးတော့ အကြံပြု တင်ပြကြတာ ရှိပါတယ်။ သက်ဆိုင်ရာဌာန ဆိုင်ရာတွေ ဘက်ကလည်း ဒေသအခြေအနေတွေကို တင်ပြကြပါတယ်။ အဲဒီအထဲကပဲ ခုနပြောတဲ့ နေရာတွေကို ကျင်းပပေးဖို့ ဆုံး ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်သည့် မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော တို့ဖြစ်ကြပြီး တစိတ်တပိုင်း ကျင်းပမည့် မြို့နယ် ၄ ခု မှာ စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျောက်ဖြူမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၅၂ ခု၊ တောင်ကုတ် မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် ၁၀ ရက်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်အတွင်း မြို့ပေါ် ရပ် ကွက် ၃ ရပ် ကွက်နှင့် ကျေးရွာအုပ်စု၂၉ အုပ်စုတို့ ပါဝင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် တခုလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားပြီး ရခိုင်တောင်ပိုင်းက သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲ မြို့နယ် ၄ ခုသာ အပြည့်အဝ ကျင်းပနိုင်တော့မည် ဖြစ်သည်။
ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲ လုံးဝ မပြုလုပ်သည့် မြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေသည့် မြို့နယ်များ ပါဝင်သလို တချို့မြို့နယ်များတွင် တည်ငြိမ်ပြီး စစ်ရေးလှုပ်ရှားမှု မရှိသည့် ရခိုင်မြောက်ပိုင်းက ပေါက်တောလိုမျိုး ပါဝင်လာခြင်းကလည်း မေးခွန်းထုတ်စရာများ ဖြစ် နေသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် အမျိုးသားလွှတ်တော် ၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့တွင် ကိုယ်စားလှယ်လောင်း ၃၈၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားကြသလို၊ ပြည်နယ် ကော်မရှင်က မဲရုံပေါင်း၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း တခုလုံးနှင့် ကျန်မြို့နယ်များရှိ ကျေးရွာအုပ်စုပေါင်း ၁၃၀ ကျော်နှင့် မြို့ပေါ် ရပ်ကွက် ၁၅ ရပ် ကွက်တို့တွင် ရွေးကောက်ပွဲ ပယ်ဖျက်လိုက်သည့်အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၁၆ သိန်း ကျော်အနက် ၁၂ သိန်းကျော် မဲ ပေးခွင့် ဆုံရှုံးနိုင်မည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် စာရင်းဇယားအရ သိရသည်။
You may also like these stories:
ပေါက်တောမြို့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် AFP ပါတီ တောင်းဆို
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ပြန်သုံးသပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း