ရန်ကုန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကျဆင်းသော်လည်း အခြားနေရာများတွင် တိုးနေ
ကူးသန်းရောင်းဝယ်ရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကျဆင်းလာသော်လည်း ရန်ကုန်ပြင်ပ အခြားနေရာများတွင် ကူးစက်မှုနှုန်း မြင့်မားနေသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ရောဂါကူးစက်မှုသစ် ၁၉၀၀ ကျော်ဖြင့် အထွဋ်အထိပ်ရောက်ခဲ့ပြီးနောက် လွန်ခဲ့သော နှစ်ပါတ်အတွင်း ရန်ကုန်တွင် ရောဂါဖြစ်ပွားမှုသစ်အရေအတွက် နေ့စဉ်ကျဆင်းနေသည်။
သို့သော် နေ့စဉ်ရောဂါကူးစက်မှုသစ် ၁၀၀ ကျော်တွင် အနည်းဆုံး ၂၀ မှာ ရခိုင်ပြည်နယ်၊ ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းအပါအဝင် အခြားနေရာများမှဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အဓိကဖြစ်ပွားရာ ရန်ကုန်တွင် တနင်္ဂနွေနေ့အထိ ကူးစက်မှု ၃၅၁၃၈ ခုရှိပြီး ပဲခူးတိုင်းတွင် ၂၃၈၄ ခု၊ ရခိုင်ပြည်နယ်တွင် ၂၇၁၁ ခု၊ မန္တလေးတိုင်းတွင် ၁၅၈၃ ခုနှင့် ဧရာဝတီတိုင်းတွင် ၈၈၃ ခုရှိသည်။
၎င်းတို့၏ဒေသများတွင် ကူးစက်မှုနှုန်းမြင့်မားသောကြောင့် ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်များတွင် အထူးသတိထားရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ရုပ်မြင်သံကြားမှ တ်ိုက်တွန်းသည်။
သို့သော် ရန်ကုန်အခြေအနေသည် ပြန်လည်ကောင်းမွန်လာပုံရကြောင်းနှင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ပုံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြောသည်။
“အခုအခြေအနေက စတင်ထိန်းချုပ်နိုင်တဲ့အဆင်ပဲရှိသေးတယ်။ လုံးဝထိန်းချုပ်နိုင်ပြီလို့ ဆိုလိုတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
“ကူးစက်မှုကို ထိန်ချုပ်ဖို့ ဆက်လုပ်ဖို့လိုသေးတယ်” ဟုလည်း သူပြောသည်။
ရန်ကုန်တွင် နေ့စဉ် ရောဂါကူးစက်မှုသည် အောက်တိုဘာလ ၁၀ ရက်နေ့က ၂၀၀၀ နီးပါးအထိရှိရာမှ နေ့စဉ်ကျဆင်းနေကြောင်း ရန်ကုန်တိုင်းကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ကုသရေးကော်မတီ ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက သောကြာနေ့တွင်ပြောသည်။
နေ့စဉ် ရောဂါကူးစက်မှုသည် ၈၀၀ မှ ၁၀၀၀ ကြားသာ ရှိတော့ကြောင်း သူပြောသည်။
“နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းစေဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ ဘယ်သူမှ သတိလက်လွတ်နေလို့ မရဘူး။ လူတိုင်းလူတိုင်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာဖို့လိုတယ်” ဟု ဒေါက်တာဇော်ဝေစိုး ပြောသည်။
ရန်ကုန်တွင် အိမ်တွင်း၌သာနေထိုင်ရန်နှင့် အခြားကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စည်းကမ်းချက်များသည် အသက်ဝင်နေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ လူထုအနေဖြင့် စိတ်ရှည်ရှည်ဖြင့် စည်းကမ်းချက်များ လိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းသည်။
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းကို ရင်ဆိုင်နေရသည်။ တလကြာမျှ ပြည်တွင်းကူးစက်မှုမရှိသော်လည်း သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိပြီးနောက် ကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည်။
တနင်္လာနေ့နံနက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၄၄၇၇၄ မှု၊ သေဆုံးမှု ၁၀၉၅ မှု ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂၄၉၂၀ ဦးရှိသည်။
နိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၁၅ ခုမှ မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ရောဂါဖြစ်ပွားမှု ရှိနေသည်။
(Zaw Zaw Htwe ၏ Myanmar’s New COVID-19 Cases Decrease in Yangon but Climb Outside City ကို ဘာသာပြန်သည်။)
You may also like these stories:
ပုသိမ် ပိုးတွေ့လူနာ မဲရုံမှူးနှင့် ထိတွေ့ခဲ့သူ ၄၇ ဦးအား အသွားအလာကန့်သတ်
အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ
ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံ အားလုံး ပြန်လည်ပိတ်သိမ်းရန် အစိုးရ ညွှန်ကြား