ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး၏ အဆို အရ လက်ရှိ အစိုးရ ဆေးရုံများအပြင် ပုဂ္ဂလိက ဆေးရုံများ၌ ကိုဗစ် လူနာများကို ကုသနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေ မှုနှင့် ဆက်စပ်၍ ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင်လည်း ကိုဗစ်ရောဂါကို စစ်ဆေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“COVID Patient, Non-COVID Patient တွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ တင်ပြီး ကုနိုင်ဖို့ပေါ့။ အဲဒီဟာနဲ့ ဆက်စပ်ပြီး စစ်ဆေးမယ့် အစီအစဉ်ကို ဆွေးနွေးတာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအဆင့် ဓာတ်ခွဲခန်းများ ရှိနေပြီး အဆိုပါ ဓာတ်ခွဲခန်းများတွင် ကိုဗစ်စစ်ဆေးနိုင်ရန် အမျိုး သား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ အသိအမှတ်ပြုမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ စံနှုန်းများ အတိုင်း လိုက်နာနိုင်မှု စသည့် စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီရန် ညှိနှိုင်း စီစဉ်နေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိတွင် ပုဂ္ဂလိက ဆေးရုံများအသင်းနှင့် လက်တွေ့ ကျင့်သုံးနိုင်မည့် အပိုင်းများကို ညှိနှိုင်းနေဆဲဖြစ်သဖြင့် စတင်နိုင် ခြင်း မရှိသေးကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
“ပုဂ္ဂလိက ဆေးရုံတွေဘက်က ညှိနှိုင်းမှု အပိုင်း ရှိတယ်။ လက်တွေ့ လုပ်ဖို့အပိုင်း ရှိတယ်။ Guideline က ဘယ်လောက်ပဲ ကောင်းကောင်း လက်တွေ့ လုပ်နိုင်ဖို့က ရှိသေးတော့။ အပြီးသတ်ဖို့တော့ စောင့်ရဦးမယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဒေါက်တာ သန်းနိုင်စိုးက “COVID လူနာကို ကျနော်တို့ဘက်ကို လွှတ်မလား။ ပုဂ္ဂလိက ဆေးရုံအုပ်စုကပဲ သူတို့ ဆေးရုံများအသင်းရဲ့ ဆေးရုံတရုံကို ကိုဗစ်ကုသနိုင်တဲ့ ICU တို့ ပစ္စည်းကိရိယာတွေ ပြည့်စုံတဲ့ အဆောက်အအုံတခု၊ ဆေးရုံတခု သတ်မှတ်ပြီး ကု မလားပေါ့” ဟု ရှင်းပြသည်။
ပြည်သူများအနေဖြင့် ကိုဗစ်ကြောင့် ဖြစ်စေ၊ ရောဂါခံများကြောင့်ဖြစ်စေ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက် ကုသမှုကို ရွေးချယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်း ချမှတ်ပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အောက်တိုဘာ ၂၆ ရက်က COVID-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီ ရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။
“ပြည်သူတွေ အနေနဲ့ ရွေးချယ်ချင်သလို ရွေးချယ်နိုင်တဲ့အပြင် နိုင်ငံတော်ရဲ့ ဆေးရုံတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး နည်းနည်း လျော့သွားနိုင်တယ်။ အဲဒါကလည်း ကိုဗစ်ကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
COVID စစ်ဆေးရာတွင် Rapid Test Kid-RTK ဖြင့် စစ်ဆေးခြင်းနှင့် Polymerase Chain Reaction- PCR Test ဖြင့် စစ် ဆေးခြင်း နည်းလမ်းနှစ်မျိုး အသုံးပြု စစ်ဆေးလျက် ရှိကြောင်း သိရသည်။
လက်တလောတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တနေ့လျှင် လူနာ ၁ သောင်းခွဲ နီးပါး စစ်ဆေးနိုင်ပြီး စစ်ဆေးသည့် ဓာတ်ခွဲခန်းနှင့် လူအင်အား လုံလောက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
သို့သော်လည်း ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 စစ်ဆေးပြီး COVID မဟုတ်သည့် လူနာများကို လက်ခံ ကုသနိုင် လျှင်ပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဝန်ထုပ်ဝန်ပိုး လျော့သွားမည် ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောသည်။
“Negative ကုတော့လည်း တဖက်မှာ ကျနော်တို့ သက်သာတာပေါ့။ အခြား သွေးတိုး၊ နှလုံး၊ ဆီးချိုတို့ အခြားကျောက် ကပ် ဆေးရမယ့် လူနာတို့လည်း Negative ဖြစ်သွားရင် စိတ်ချလက်ချ ကုနိုင်တော့ပေါ့” ဟု ၎င်းက ဆိုသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၂၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၆၁၈,၂၄၃ အနက် ဓာတ်ခွဲ အတည်ပြုလူနာ ၄၆,၂၀၀ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၁၂၂ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၂၆,၀၀၇ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ
သွေးရည်ကြည်လှူဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်
စက်ရုံများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကိုဗစ်ပိုး စစ်ဆေးမှု ဥပဒေအရ အရေးယူခံရနိုင်