သတင်း

မအူပင်အကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ၆၉ ဦးတွင် ကိုဗစ်ပိုးတွေ့

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းသားနှင့် ထောင်ဝန်ထမ်းများအပါအဝင် လူပေါင်း ၆၉ ဦး၌ ကူးစက်မြန် COVID–19 ရောဂါပိုး ယမန်နေ့ညပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

မအူပင်အကျဉ်းထောင်၌ ချုပ်နှောင်ထားသည့် အချုပ်သားတဦးတွင် ကိုဗစ် သံသယရှိသဖြင့်အောက်တိုဘာလ ၂၃ ရက်နေ့တွင် မအူပင်ဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်နေ့တွင် အဆိုပါ အချုပ်သားနှင့်အတူ တဆောင်တည်း နေထိုင်ခဲ့သည့်အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းအချို့အပါအဝင် လူပေါင်း ၁၅၀ ဦးကို စစ်ဆေးခဲ့ရာ ၆၉ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက “ပိုးတွေ့တဲ့ အချုပ်သားနဲ့အတူ တဆောင်တည်းကျခဲ့တဲ့ အကျဉ်းသားတွေ၊ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း ထောင်ထဲကို အသစ်ဝင်ရောက်လာသူ အကျဉ်းသားတွေရယ် ထောင်ဝန်ထမ်းအချို့ရယ်၊ လွတ်ရက်စေ့လို့ ထောင်ကလွတ်မယ့်လူရယ် လူပေါင်း ၁၅၀ ကို စစ်ဆေးခဲ့ရာမှာ ၆၉ ဦးမှာ ပိုးတွေ့ရှိခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်အတွင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၂ ဦး၊ သင်တန်းသားကျောင်း အလုပ်ရုံတွင် ၁ ဦးနှင့် အကျဉ်းသား၁၅၇ ဦးတွင် ကိုဗစ်ရောဂါပိုးပထမဆုံးတွေ့ရှိခဲ့ပြီးနောက် မအူပင်အကျဉ်းထောင်ရှိ အကျဉ်းသားအများစု ပါဝင်သော လူအုပ်စုတွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ပိုး ကူးစက်ခံရသူများထဲမှ မအူပင်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံခဲ့ပြီးနောက် လွတ်ရက်စေ့ခဲ့သူ ၃ ဦးနှင့် ထောင်ဝန်ထမ်း ၃ ဦးကို မအူပင်ခရိုင်ကျန်းမာရေးဌာနက မအူပင်မြို့၊ အစိုးရကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ယမန်နေ့ညပိုင်းက ပို့ဆောင်၍ ကုသပေးမှုများဆောင်ရွက်ခဲ့သည်။

အခြားသော ပိုးတွေ့လူနာ အကျဉ်းသား ၆၃ ဦးကို အကျဉ်းထောင်အတွင်းရှိ အဆောင်တခုတွင် သီးခြားထားရှိကာ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ယူ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဌာနမှ အကြီးတန်းတာဝန်ရှိသူတဦးက “အကျဉ်းထောင်ထဲက ပိုးတွေ့သူ ၆၃ ဦးကို မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အနီးကပ်စောင့်ကြည့်လျှက်ရှိပါတယ်။ ကိုဗစ်ရောဂါ လက္ခဏာ မပေါ်လို့ရှိရင်တော့ ဆေးရုံကို မပို့ပါဘူး။ ရောဂါလက္ခဏာပေါ်ခဲ့ရင် ဆေးရုံကိုပို့ဆောင်ကုဖို့ စီစဉ် ထားပါတယ်။ လက်ရှိမှာတော့ သူတို့က ပိုးတွေ့တဲ့အဆင့်ပဲဖြစ်တယ်။ ဘာလက္ခဏာမှ မပြဘူး။ လူကောင်း အတိုင်းပါပဲ” ဟု ပြောသည်။

ကိုဗစ်ပိုးရှိသူ အကျဉ်းသားအများအပြားတွေ့ရှိထားသည့် မအူပင်အကျဉ်းထောင် (ဓာတ်ပုံ – ဧရာဝတီ)

ယမန်နေ့က ကိုဗစ်လူနာ ၆၉ ဦးတွေ့ရှိထားသည့် မအူပင်အကျဉ်းထောင်အတွင်းမှ အခြားသော အကျဉ်းသားများကိုလည်း ပြည်သူ့ကျန်းမာရေးဌာနက ကိုဗစ်စစ်ဆေးမှုများ ယနေ့ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ယနေ့ စစ်ဆေးမှုအရ ကိုဗစ်ပိုးတွေ့အကျဉ်းသားများ ထပ်မံတွေ့ရှိထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဌာနက စစ်ဆေးဆဲအခြေအနေဖြစ်၍ အသေးစိတ် ပြောဆိုရန်ငြင်းဆိုသည်။

မအူပင်မြို့ခံ ကိုအောင်မြသန်းက “ကျနော့်အသိမိတ်ဆွေတွေကတဆင့် သိရတာကတော့ မအူပင်အကျဉ်းထောင်ထဲက အမျိုးသမီးအကျဉ်းသူတွေကို တခြားအဆောင်ကို ပြောင်းလိုက်ပြီးတော့ အဲဒီအမျိုးသမီးအဆောင်မှာ ပိုးတွေ့တဲ့အကျဉ်းသားတွေကို သီးခြား ထားရှိတယ်လို့ သိရတယ်။ လက်ရှိတော့ထောင်ကိုလူဝင်ထွက်ခွင့် အကုန်ပိတ်ထားပြီးတော့ အချုပ်သားရုံးထုတ်တာတွေတောင် မလုပ်တော့ဘူး” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၈ ခု၌ အောက်တိုဘာ ၂၈ ရက်နေ့ တရက်တည်းတွင် ကိုဗစ်အတည်ပြုလူနာ ၈၆ ဦး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီ တိုင်း၌ ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်နေသည့် မအူပင်၊ ပုသိမ်နှင့် ဖျာပုံမြို့နယ်တို့ကို ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် Stay at Home အမိန့်ကို စက်တင်ဘာလ ၂၅ ရက်နေ့က စတင်ကာ ထုတ်ပြန်ကြေညာထားသည်။

ဧရာဝတီတိုင်းတွင် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းအထိစာရင်းအရ တတိုင်းလုံးတွင် ကိုဗစ် အတည်ပြုလူနာ ၉၄၅ ဦးရှိပြီး မအူပင်မြို့နယ်မှာ အတည်ပြုလူနာအများဆုံးတွေ့ရှိသည့်မြို့နယ် ဖြစ်သည်။ ပုသိမ်နှင့် ဖျာပုံမြို့နယ်တို့မှာ ကိုဗစ်ရောဂါ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ပွားသည့်ဒေသများအဖြစ် ရပ်တည်နေသည်။

အဆိုပါကိုဗစ်လူနာများထဲမှ လူပေါင်း ၆၀၃ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၃၄၂ ဦးမှာ တိုင်းအတွင်းရှိ ဆေးရုံများတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။

You may also like these stories:

ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် ကိုဗစ် စစ်ဆေးနိုင်ရန် စီစဉ်

ရန်ကုန်တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ကျဆင်းသော်လည်း အခြားနေရာများတွင် တိုးနေ

ပုသိမ် ပိုးတွေ့လူနာ မဲရုံမှူးနှင့် ထိတွေ့ခဲ့သူ ၄၇ ဦးအား အသွားအလာကန့်သတ်

Did you find apk for android? You can find new Free Android Games and apps.
Loading