ကယားပြည်နယ် လွှတ်တော်က ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ အခြေ ခံ ဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)နှင့်(ဂ) တို့အား အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် တင်သွင်းလွှာကို နိုင်ငံတော် ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက အောက်တိုဘာ၂၇ ရက် နံနက် ၁၀ နာရီတွင် E-Court စနစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင်ခံရပြီး ရာထူးမှ ဖြုတ်ချခံရသည့် ဦးအယ်လ်ဖောင်းရှိုက အဆိုပါ တင်သွင်းလွှာကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၆ ရက်တွင် နှစ်ဖက်ကြားနာမှု ပြုလုပ်ပြီးနောက် ၃ ပတ် ခန့် အကြာတွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ပတ်သက်၍ ဧရာဝတီက တရားရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းကို ဆက်သွယ်မေးမြန်းရာ “ကျန်တဲ့ ရာဇဝတ်ကြောင်း ပြစ်မှုပိုင်း ဆိုင်ရာ၊ တရားမမှု တို့လို သူနိုင်တယ်၊ ကိုယ်နိုင်တယ် အဲဒီလို ဆုံးဖြတ်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက် သဘောတရားတွေသည် Solution ပဲ။ ဥပဒေ ပြဿနာရပ်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းတာပဲ” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေက အကုန်ပြည့်စုံအောင် ပြဋ္ဌာန်းပေးထားတာတော့ မဟုတ် ဘူး။ ဒါပေမယ့် ကျန်တဲ့ ဥပဒေ၊ နည်းဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ ဒီဟာတွေ အားလုံးအပေါ်မှာ လေ့လာသုံး သပ်ပြီးမှသာလျှင် ဒါသည် ဘယ်လိုမျိုး ဆောင်ရွက်သင့်တယ် ဆိုတာကို အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်တဲ့ သဘော။ နောက်နောင် ဒီလိုဖြစ်လာမယ်ဆို ဒီဟာအတိုင်းပဲ လိုက်နာ ကျင့်သုံးဆောင်ရွက်ရမယ် ဆိုတဲ့သဘောပဲ” ဟုလည်း ပြောပြ သည်။
အဆိုပါ ဖြစ်စဉ်တွင် တင်သွင်းလွှာနှင့် တင်သွင်းခံရသူ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၏ ရှင်းလင်းလွှာတို့အရ ပေါ် ပေါက်ခဲ့သော ဆုံးဖြတ်ရန် ပြဿနာ ၃ ခု သတ်မှတ်ပြီး ခုံရုံးက အဆုံးအဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဆုံးဖြတ်ရန် ပြဿနာ(၁) မှာ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော် သမ္မတက၂၀၂၀ စက်တင်ဘာ ၃ ရက်စွဲဖြင့် ပြည်နယ်ဝန် ကြီးချုပ် တာဝန်မှ ရပ်စဲပြီး ဖြစ်သဖြင့် ၎င်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူ ဟုတ် မဟုတ် ဆုံးဖြတ်ပေးရန် ဖြစ်သည်။
ယင်းပြဿနာနှင့် ပတ်သက်၍ ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ် ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခြင်း မခံရမီ တာဝန်ထမ်း ဆောင်ဆဲ ကာလအတွင်း သြဂုတ် ၃၁ ရက်တွင် နိုင်ငံတော် သမ္မတထံမှ တဆင့် တင်သွင်းလွှာကို တင်သွင်းခဲ့ခြင်းဖြစ်ရာ ၎င်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူ ဖြစ်ကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့သည်။
ပြည်နယ် ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၆(က) အရ ခုံရုံးသို့ သတ်မှတ်သော နည်းလမ်းများနှင့်အညီ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူ ဖြစ်ပြီး၊ သတ်မှတ်ထားသော နည်းလမ်းများနှင့် ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၁၅(က)၌ တိုင်းဒေသကြီး (သို့) ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လျှင် မိမိ၏ တင်သွင်းလွှာကို နိုင်ငံ တော် သမ္မတမှတဆင့် တင်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။
ဆုံးဖြတ်ရန် ပြဿနာ(၂)၏ ပထမပိုင်းမှာ စွပ်စွဲပြစ်တင်သူ ၅ ဦးအနက် ဦးသိန်းအောင်(ခ) ဦးစဲရယ် နုတ်ထွက်သွားသည့်အ တွက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး လေးပုံတပုံ ပြည့်ခြင်း မရှိတော့သည့် အခြေအနေတွင် စွပ်စွဲ ချက်ကို ဆက်လက် စုံစမ်း စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၃(ခ)ကို အနက် အဓိပ္ပာယ် ဖွင့်ဆို ရန် လိုအပ်ခြင်း ရှိ၊ မရှိ ဖြစ်သည်။
စွပ်စွဲပြစ်တင်သူ ၅ ဦး အနက် တဦး နုတ်ထွက်သွားခြင်းသည် အတည် ဖြစ် မဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦး ရေ အနည်းဆုံး လေးပုံတပုံ ပြည့်မီခြင်း မရှိတော့သည့် အခြေအနေတွင် စွပ်စွဲချက်ကို ဆက်လက် စုံစမ်းစစ်ဆေးခြင်း ကိစ္စ တို့မှာ ဥပဒေပြု အာဏာပိုင်၏ ဆောင်ရွက်ချက်များတွင် အကျုံးဝင်သည်ဖြစ်၍ ခုံရုံးအနေဖြင့် စိစစ်ပိုင်ခွင့်ရှိသော ကိစ္စများ မဟုတ်ဟု ဆင်ခြင်သုံးသပ်သောကြောင့် ပုဒ်မ၂၆၃(ခ)ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်းမရှိဟု ခုံရုံးက ဆိုသည်။
ထို့အတူ ပြဿနာ(၃)၏ ပထမပိုင်း ဖြစ်သော ဦးအယ်လ်ဖောင်းရှိုအပေါ် စွပ်စွဲပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် စွပ်စွဲပြစ်တင်ရာ၌ ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ တွင် ထည့်သွင်း ဖွဲ့စည်းထားခြင်းအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၂၆၃(ဂ)ကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍လည်း ခုံရုံးသည် လွှတ်တော် ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လွှတ်တော်၏ ဆောင် ရွက်ချက်များကိုလည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ စိစစ်ရန် အကြောင်းမရှိသောကြောင့် ပုဒ်မ ၂၆၃(ဂ)ကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း မရှိကြောင်း ဖြေဆိုသည်။
သို့သော် ဆုံးဖြတ်ရန် ပြဿနာ(၂)နှင့်(၃)၏ ဒုတိယပိုင်းဖြစ်သော အခြား အကြောင်းများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၆၃(ခ)နှင့်(ဂ)ကို အနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍မူ အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် လို အပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထိုသို့ ဆုံးဖြတ်ရာတွင် စွပ်စွဲပြစ်တင်ခြင်း၊ တာဝန်မှ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ နည်းဥပဒေ တရပ်တည်းတွင် ပြဋ္ဌာန်း ထားသည့် ပြဋ္ဌာန်းချက် တခုနှင့်တခု ကွဲလွဲမှုမရှိဘဲ ညီညွတ်စေရန်၊ အထူးသဖြင့် စွပ်စွဲပြစ်တင်ခြင်းကို လွှတ်တော်သို့ အဆို တရပ်အဖြစ် တင်သွင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထင်ရှားစေရန်နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များနှင့် ပတ်သက်၍ အ ကြောင်း အကိစ္စအလျှောက် ဆီလျော်သော စည်းကမ်း သတ်မှတ်ချက်များ ထားရှိခြင်းဖြင့် မှန်ကန်မျှတသော အကျိုးရလဒ် များ ရရှိနိုင်စေရန် စသည့် အချက်များကို သုံးသပ်ထားသည်။
ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၂၆၃(ခ)တွင် တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ် (သို့) ဝန်ကြီးတဦးဦးအပေါ် ဖော်ပြ ပါ အကြောင်းတရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် စုစုပေါင်း ဦးရေ အနက် အနည်းဆုံး ၄ ပုံ ၁ ပုံက လက်မှတ် ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရ မည်ဟု ဆိုရာတွင် သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌထံမှ တဆင့် လွှတ်တော်သို့ အဆိုတရပ်အဖြစ် တင်သွင်းရမည်ဟု ခုံရုံး က အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်သည်။
ပုဒ်မ၂၆၃(ဂ)ကိုလည်း သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌသည် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ် ဆေးစေရမည် ဟုဆိုရာတွင် သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို သင့်လျှော်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည် ဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်သည်။
တရားရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းက “စွပ်စွဲပြစ်တင်ခြင်း လုပ်တဲ့အပိုင်းက လွှတ်တော်ရဲ့ ဆောင်ရွက်ချက် အနေ နဲ့ လုပ်တာ။ အဲဒီကိစ္စတွေကတော့ ပြီးဆုံးသွားပြီ။ ဒီ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ် ပြန်ခန့်တာတို့ ဒါတွေက ဥပဒေအရ ပြောရမယ်ဆို ဖြစ်လာစရာ မဟုတ်ဘူး” ဟု ပြောသည်။
ဝန်ကြီးချုပ် ခန့်အပ်ခြင်းသည် သက်ဆိုင်ရာ လွှတ်တော်တွင် သမ္မတက အဆိုတင်သွင်းသည့်အပေါ် လွှတ်တော်က သဘောတူညီမှ ခန့်လို့ရခြင်း ဖြစ်ကြောင်း၊ ယခု သက်ဆိုင်ရာ လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းကို ပြုလုပ်ပြီးနောက် နိုင်ငံ တော်သမ္မတ ကလည်း လွှတ်တော်ဥက္ကဋ္ဌ၏ တင်ပြအစီရင်ခံချက်အရ ရာထူးမှ ရပ်စဲလိုက်ပြီဖြစ်သည့်အတွက် ပြန်လည် ခန့်အပ်ရန်မှာမူ ဥပဒေ လုပ်ထုံးလုပ်နည်းများ အရ မဖြစ်တော့ကြောင်း ၎င်းက ရှင်းပြသည်။
“နောက်နောင် ဒီလို ဖြစ်စဉ်မျိုး ဖြစ်လာပါက ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် ကိစ္စတွေမှာ ဒါတွေဟာ လိုအပ်တယ်ဆိုတဲ့ အကြောင်းကို ခုံရုံးက အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးတာပဲ။ အခု လက်ရှိ ပြီးဆုံးတဲ့ ကိစ္စအပေါ်မှာ ဘာမှ Effect (သက် ရောက်မှု) သွားဝင်မှာ မဟုတ်ဘူး” ဟုလည်း ၎င်းက ပြောပြသည်။
တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း “ဒီကိစ္စက အယူခံမရှိဘူး။ သမ္မတထုတ်ပြီးရင် အယူခံဝင်လို့မရဘူး။ သူ့မှာ ပြောစရာတချက်က သူ့ကို လေးပုံတပုံ မပြည့်ဘဲ ဖြုတ်တာဟာ တရားဝင်၊ မဝင်ဆိုတဲ့ အချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကို တက်တာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက သူ့ကို Impeach လုပ်တာ မှန်တယ်၊ မှားတယ် ဆုံးဖြတ်လို့ မရ ဘူး။ သူနဲ့ မဆိုင်ဘူး။ အဲဒါက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတနဲ့ပဲ ဆိုင်တယ်” ဟု မှတ်ချက်ပြု သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည် ဆိုကာ စွပ်စွဲပြစ်တင်ခံရသည့် ဦးအယ်လ်ဖောင်းရှို အား စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံး ဖြတ်ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် စွပ်စွဲပြစ်တင်မှု အောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ပြည်နယ် ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခံရခြင်း ဖြစ်သည်။
You may also like these stories:
ဦးအယ်လ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှု အခြေခံဥပဒေခုံရုံးမှ မကြာမီ အပြီးသတ်ဆုံးဖြတ်မည်
ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှု အောင်မြင်