သတင်း

မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲရုံပစ္စည်းများ သွားပို့သည့် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ကို ပစ်ခတ်လိုက်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ဧရာဝတီကို ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “သူတို့လည်း သွားလာမယ်ဆိုတဲ့အကြောင်း ဆက်ဆံရေးရုံး မှာ အကြောင်းကြားတယ်။ အကြောင်းကြားတာနဲ့ ဆက်ဆံရေးရုံးကလည်း ရှေ့တန်း တပ်နယ်မှူးတွေနဲ့ ရှေ့တန်းစစ် မျက် နှာပြင်ကို အဆက်အသွယ် အချိန်မီ မလုပ်နိုင်ခင် သူတို့က အသွားအလာ စောသွားတော့ ကြားထဲက ဟသွားတဲ့ သဘော ပါ။ စစ်မျက်နှာပြင်က မကြားမသိလိုက်ရဘဲ လမ်းဖြတ်ကူးလာတော့ လမ်းလုံခြုံရေးအဖွဲ့က ကားရုတ်တရတ် ပေါ်လာတော့ လန့်ပြီး ပစ်ထည့်မိတာပါ” ဟု ပြောသည်။

ပစ်ခတ်လိုက်သည့် နယ်မြေမှာ တပ်မတော်နှင့် စစ်ရေး တင်းမာနေသည့် အခြေအနေ မဟုတ်သော်လည်း အလုံးစုံ ငြိမ်း ချမ်းသည့် နယ်မြေ မဟုတ်သဖြင့် ရှေ့တန်း စစ်မျက်နှာပြင်အဖြစ် ထားရှိပြီး အသင့်အနေအထားဖြင့် နေရသည့် နေရာ ဖြစ် သည် ဟု ၎င်းက ဆိုသည်။

ပစ်ခတ်ခံရသူများမှာ လင်းခေးခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ဖြစ်ပြီး ၎င်းတို့သည် အောက်တိုဘာ ၂၇ ရက် က မိုင်းပန်မြို့နယ်သို့ မဲရုံပစ္စည်းများ သွားပို့ပြီး အပြန်တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စာရေးတဦး ကျည်ဆန်များ ထိမှန်ပြီး လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံ ထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

မဲရုံပစ္စည်း သွားပို့ရာတွင် ကား၂ စီး၊ လူ ၁၃ ဦးဖြင့် သွားသော်လည်း ပစ်ခတ်ခံရချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စာရေးတဦး ထိခိုက်ပြီး ကျန်အဖွဲ့ဝင်များမှာ ထိခိုက်မှု မရှိကြောင်း သိရသည်။

လင်းခေးခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် မိုင်းပန်မြို့နယ်တွင်းသို့ မဲရုံပစ္စည်းများ လာပို့မည်ကို အောက်တိုဘာ ၂၅ ရက်က အကြောင်းကြားစာများ ပေးပို့ထားပြီးမှ အောက်တိုဘာ ၂၇ ရက်တွင် သွားလာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “ဖြစ်သွားတဲ့ကိစ္စက ဗဟိုအထက်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ ကိစ္စမျိုး မဟုတ်ဘူး ဆို တော့ ဘယ်လိုပဲပြောပြော နှစ်ဖက်လုံးတော့ ခြွင်းချက်တော့ ရှိပါတယ်။ အမှားရှိပါတယ်ဆိုပြီး ကိုယ့်လူကိုလည်း စည်းကမ်း ရှိတဲ့အတိုင်း အရေးယူသွားမယ်လို့ အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။

ပစ်ခတ်လိုက်သည့် တပ်ဖွဲ့ဝင်များကို အရေးယူမည့် ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက အသေး စိတ် ပြောပြခြင်း မရှိပါ။

RCSS သည် ရွေးကောက်ပွဲကာလအတွင်း ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများတွင် ဝင်ထွက်သွားလာခြင်း ၊ ဖြတ် သန်းသွားလာခြင်း ပြုလုပ်မည် ဆိုပါက ကြိုတင် အကြောင်းကြားရမည်ဟု စက်တင်ဘာ ၁ ရက်က စာထုတ်ပြန်ထားသဖြင့် နိုင်ငံရေး ပါတီများ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့များသည်လည်း နီးစပ်ရာ ဆက်ဆံရေးရုံးသို့ ကြိုတင် စာပို့ပြီးမှ သွားလာနေ ရသည့် အခြေအနေ ဖြစ်သည်။

လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ ဥက္ကဌ ဦးသန်းကျော်က “သူတို့က မဲလက်မှတ်နဲ့ မဲရုံပစ္စည်း သွားပို့ တယ်။ အပြန်မှာ ဖြစ်တာ။ ထိခိုက်မှုက ခရိုင်အုပ်ချုပ်ရေးမှူးက ဘယ်ဘက်ပေါင်မှာ ထိတယ်။ သူ့ရဲ့စာရေးကြီးက ဘယ် ဘက် ခြေသလုံး၊ လက်သန်းနဲ့ လက်သူကြွယ်မှာ ထိတယ်” ဟု ပြောသည်။

ပစ်ခတ်သည့် အဖွဲ့နှင့် ပတ်သက်၍လည်း ဖြေဆိုပေးနိုင်ခြင်း မရှိပါဟု ဦးသန်းကျော်က ပြောပြီး မိုင်းပန်မြို့နယ်မှာ မြို့ပေါ် တွင် လုံခြုံသော်လည်း မြို့နှင့် ၁၀ မိုင်ခန့် အကွာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိသည့် နယ်မြေ ဖြစ်ပါသည် ဟု ဆိုသည်။

“ရွေးကောက်ပွဲ ကာလအတွက်လည်း ကျနော်က စိတ်ပူတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်းက ဘယ်လိုရှိလဲမသိတော့ ကျနော်တို့ကတော့ ဘာမှ ပြောလို့ မရသေးပါဘူး” ဟုလည်း ဦးသန်းကျော်က ပြောသည်။

မိုင်းပန်မြို့နယ်၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်ခိုင်က ၎င်းတို့ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းရာတွင် မိုင်းပန်မြို့နယ်အတွင်း နိုင်ငံရေးပါတီ ပေါင်းစုံမှ သွားလာနေသော်လည်း ပြဿနာ တစုံတရာ ကြုံရခြင်း၊ လာမေးမြန်းခြင်း၊ စည်းရုံးရေးဆင်းသည်ကို လာနားထောင်ခြင်းများ တကြိမ်မှ မကြုံဖူးပါဟု ပြောဆိုသည်။

ဦးစိုင်းကျော်ခိုင်က “ကျနော်တို့ မဲဆွယ်စည်းရုံးသွားတာတော့ ဘာမှ ရှုပ်ရှုပ်ယှက်ယှက် တခါမှ မရှိဘူး။ မနေ့က မိုင် ၃၀ လောက် ဝေးတဲ့ ပန်ပီဒေသ၊ ပအို့ဝ်ဒေသမှာ မဲပုံးတွေ သွားထားပြီး အပြန် မြို့မရောက်ခင် ၁၀ မိုင်လောက် အလိုမှာ ဖြစ် သွားတယ်လို့ပဲ ကျနော်တို့က သတင်းကြားပါတယ်” ဟုလည်း ဆိုသည်။

ပစ်ခတ်မှု ဖြစ်သွားသည့် မိုင်းပန်မြို့နယ်တွင် တပ်မတော်နှင့် တပ်မတော်လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များအပြင် RCSS နှင့် NCA လက်မှတ်ထိုးထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO) တို့လည်း လှုပ်ရှား သည်။

၂၀၁၈ ခုနှစ်တွင် RCSS နှင့် PNLO ကြား နယ်မြေ အငြင်းပွားမှုဖြစ်ပြီး တိုက်ပွဲများ ဖြစ်ထားသည်။

PNLO သည် တိုက်ပွဲဖြစ်ပြီး နောက်တွင် ဆက်လက် တပ်စွဲထားခြင်း မရှိဘဲ ဆုတ်ခွာခဲ့ပြီး RCSS က သာ နေရာယူ ထားပါ သည်ဟုPNLO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်းထွန်းတင်က ပြောသည်။

အုပ်ချုပ်ရေးမှူး အဖွဲ့ကို ပစ်ခတ်သည့် RCSS သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုထားပြီး နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင် ဆွေးနွေးလျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

အစိုးရ၊ တပ်မတော်တို့နှင့် RCSS ကြား NCA စာချုပ် ချုပ်ဆိုထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တွင် အောက်တိုဘာအတွင်း တိုက်ပွဲများ အကြိမ်၂၀ ကျော် ဖြစ်ပွားထားပြီး နယ်မြေ အငြင်းပွားမှုများလည်း ရှိနေသည်။

ရွေးကောက်ပွဲကာလ အတွင်း လင်းခေးခရိုင် မိုင်းကိုင်မြို့နယ်တွင် RCSS က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်ရန် ဟု ဆိုကာ တအန်းအမျိုးသားပါတီ (TNP) ကို မဲဆွယ်စည်းရုံးရေး မလာနိုင်ရန် တားမြစ်ပိတ်ပင်ခြင်း၊ TNP မဲလာဆွယ် သည် ကို လက်ခံပါက ရွာသူကြီးများ ဒဏ်ငွေ ၁၀ သိန်း ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခြင်း ၊ TNP ကိုယ်စားလှယ် လောင်းများ မိုင်းကိုင်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ပါက အသက်အန္တရာယ်ကို ဒုက္ခပေးမည် ဖြစ်ကြောင်း ခြိမ်းခြောက်မှုများ ကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆင့်ဆင့်ထံ တိုင်ကြားခံရခြင်းလည်း ရှိသည်။

မိုင်းကိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့က လွတ် လပ်စွာ မဲဆွယ်စည်းရုံးနိုင်သော်လည်း TNP တပါတီတည်းသာ RCSS ကြောင့် မဲမဆွယ်နိုင်ဘဲ မဲဆွယ်မှု အားလုံးကို ရပ် ဆိုင်းခဲ့ရသည်။

ထိုအခြေအနေများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မိုင်းကိုင်မြို့နယ်ကို လွတ်လပ်ပြီးတရားမျှတ မှု ရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေ မရှိဟု ဆိုကာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မိုင်းကိုင်ကို ထည့်သွင်း ကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာထားသည်။

You may also like these stories:

တပ်မတော်နှင့် RCSS တိုက်ပွဲဆက်နေ၍ ဒေသခံ ၂၆၀၀ ထွက်ပြေးနေရ

နယ်မြေအငြင်းပွားမှုကြောင့် တပ်မတော်နှင့် RCSS တို့ စစ်ရေး တင်းမာ

RCSS အန္တရာယ်ပြုမည်ကို စိုးရိမ်၍ မဲဆွယ်စည်းရုံးရေး ရပ်ဆိုင်းထား ဟု TNP ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading