သတင်း

မအူပင်ထောင်တွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ၃၅ ဦး ထပ်တွေ့

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ မအူပင်အကျဉ်းထောင်တွင် ကူးစက်မြန် COVID–19 ရောဂါ သံသယ ရှိသူများကို အောက်တိုဘာလ ၂၇ ရက်နေ့က ထပ်မံစစ်ဆေးခဲ့ရာ ထောင်ကျအကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းမိသားစုများ အပါအဝင် ၃၅ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။

မအူပင်အကျဉ်းထောင်၌ ချုပ်နှောင်ထားသည့် အချုပ်သား ၁ ဦးမှာ ကိုဗစ်ရောဂါ သံသယရှိသဖြင့် မအူပင် ဆေးရုံကြီး သို့ တင်ပို့ပြီး အောက်တိုဘာ ၂၅ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ပိုးတွေ့အချုပ်သားနှင့်အတူ တဆောင်တည်း နေထိုင်ခဲ့သည့် အကျဉ်းသားများ၊ ထောင်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု များကို မအူပင်ခရိုင် ကျန်းမာရေးဌာနက ကိုဗစ်ပိုး ရှိ၊ မရှိ အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ၆၉ ဦး၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ၃၅ ဦး၊ စုစုပေါင်း ကိုဗစ်လူနာ ၁၀၄ ဦးအထိ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြီးတန်းအရာရှိ ၁ ဦးက “မအူပင် အကျဉ်းထောင်က ကိုဗစ်သံသယရှိသူတွေကို ၂ ရက်အတွင်း လူပေါင်း ၂၅၅ ယောက်ကို ကျနော်တို့ စစ်ဆေးခဲ့ရာမှာ လူပေါင်း ၁၀၄ ဦးမှာ ပိုးတွေ့ပါတယ်။ ပိုးတွေ့ရှိတဲ့သူတွေထဲမှာ အကျဉ်းသားတွေ၊ အချုပ်သားတွေပါတယ်။ ဒီလထဲမှာ ထောင်ကို အသစ် ရောက်လာတဲ့ အကျဉ်းသားတွေပါတယ်။ ထောင်ဝန်ထမ်းအချို့နဲ့ ထောင်ဝန်ထမ်း မိသားစုဝင်အချို့လည်း ပါပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်အတွင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ရှိ သာယာဝတီ အကျဉ်း ထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၂ ဦး၊ သင်တန်းသားကျောင်း အလုပ်ရုံတွင် ၁ ဦးနှင့် အကျဉ်းသား ၁၅၇ ဦးတွင် ကိုဗစ်ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ဧရာဝတီတိုင်းရှိ မအူပင် အကျဉ်းထောင်ရှိ အကျဉ်းသားအများစု ပါဝင် သော လူအုပ်စုတွင် ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ မအူပင်အကျဉ်းထောင်မှ ပိုးတွေ့လူနာများ ထဲတွင် အကျဉ်းသား ၉၄ ဦး၊ ထောင်မှလွတ်ရက်စေ့သူ ၃ ဦး၊ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင် ဝန်ထမ်းမိသားစု ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့လူနာများထဲတွင် အောက်တိုဘာလ အတွင်း မအူပင်ထောင်သို့ အသစ်ရောက်လာသည့် အကျဉ်းသားအသစ် လူအုပ်စုမှာ အများဆုံးကူးစက် ခံထားရသည်။

ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြီးတန်းအရာရှိ ၁ ဦးက “ရောဂါပိုး ကူးစက်ခံရမှု နောက်ကြောင်း ရာဇဝင်ကို ကျနော်တို့ စုံစမ်းနေတယ်။ အခုအချိန်မှာတော့ အတိအကျ ပြောရဖို့ ခက်ပါတယ်။ ပိုးစတွေ့တဲ့ အကျဉ်း သားနဲ့ ဆက်စပ်မှုရှိသူတွေ တော်တော်များများကိုတော့ စစ်ဆေး ပြီးသွားပြီ ဖြစ်ပါတယ်။ ကျန်တဲ့အဆောင်တွေကို စောင့်ကြပ်ကြည့်ရှုမှုတွေ ဆက်လုပ်နေပါတယ်။ အကယ်၍ ရောဂါလက္ခဏာ ပြခဲ့မယ်ဆိုရင် ဘယ်သူ့ကိုမဆို စစ်ဆေး သွားပါမယ်”ဟု ပြောသည်။

လက်ရှိတွင် မအူပင်အကျဉ်းထောင်နှင့်ပတ်သက်၍ ပိုးတွေ့လူနာ ၁၀၄ ဦးအနက် ထောင်မှလွတ်ရက်စေ့သူ ၃ ဦး၊ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် ထောင် ဝန်ထမ်းမိသားစု ၄ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကို မအူပင် ခရိုင် ကျန်းမာရေး ဌာနက မအူပင်မြို့၊ အစိုးရကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ပို့ဆောင်၍ ကုသမှုများ ဆောင်ရွက်နေသည်။

ကျန်ရှိပြစ်ဒဏ်ကျ အကျဉ်းသားပိုးတွေ့လူနာ ၉၃ ဦးကို မအူပင် အကျဉ်းထောင်ရှိ သီးခြားအဆောင်တွင် ထားရှိကာ မအူပင်ခရိုင်ကျန်းမာရေးဌာနက အနီးကပ် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

မအူပင်မြို့ခံ ကိုအောင်မြသန်းက“မအူပင်အကျဉ်းထောင်က ပိုးတွေ့လူနာ ၁၁ ဦးကို ကွန်ပျူတာ တက္ကသိုလ် ကုသ ဆောင်မှာထားပြီး ကုသပေးနေတယ်။ အကျဉ်းထောင်ထဲမှာတော့ ကျန်တဲ့ ပိုးတွေ့ အကျဉ်းသား တွေကို သီးခြား အဆောင် မှာထားပြီး စောင့်ကြည့်နေတယ်။ ကိုဗစ်ရောဂါလက္ခဏာပြလာရင် ဆေးရုံတင် ကုသမယ်လို့ သိရတယ်။ အခုက မအူပင်မြို့နယ်က ဧရာဝတီတိုင်းထဲမှာ ပိုးတွေ့လူနာ အများဆုံး ဖြစ်နေတော့ အခြေအနေတွေ ပိုဆိုးလာမှာကို မြို့ခံတွေက စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၇ ခု၌ အောက်တိုဘာ ၂၈ ရက်နေ့ တရက်တည်းတွင် ကိုဗစ်အတည်ပြု လူနာ ၆၈ ဦး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ဧရာဝတီ တိုင်း၌ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်နေသည့် မအူပင်၊ ပုသိမ်နှင့် ဖျာပုံမြို့နယ်တို့ကို ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် Stay at Home အမိန့်ကို စက်တင်ဘာလ ၂၅ ရက်နေ့က စတင်ကာ ထုတ်ပြန်ကြေညာ ထားသည်။

ဧရာဝတီတိုင်းတွင် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းအထိစာရင်းအရ တတိုင်းလုံးတွင် ကိုဗစ် အတည်ပြုလူနာ ၁၀၁၃ ဦးရှိပြီး မအူပင်မြို့နယ်မှာ အတည်ပြုလူနာ အများဆုံး တွေ့ရှိသည့်မြို့နယ် ဖြစ်သည်။ ပုသိမ်နှင့် ဖျာပုံ မြို့နယ်တို့မှာ ကိုဗစ်ရောဂါ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ပွားသည့်ဒေသများအဖြစ် ရပ်တည် နေသည်။

အဆိုပါကိုဗစ်လူနာများထဲမှ လူပေါင်း ၆၁၉ ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိတွင် ကိုဗစ်လူနာ ၃၉၄ ဦးမှာ တိုင်းအတွင်းရှိ ဆေးရုံများတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

You may also like these stories:

မအူပင်အကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ၆၉ ဦးတွင် ကိုဗစ်ပိုးတွေ့

Did you find apk for android? You can find new Free Android Games and apps.
Loading