ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြင်ဝန်းကျေးရွာအနီး မေယုမြစ်ထဲတွင် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC ) ၏ ထောက်ပံ့ရေး ပစ္စည်များကို တင်ဆောင်သည့် စက်လှေတစီးမှာ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်က ပစ်ခတ်လိုက်သည့်အတွက် မီးလောင်ကာ စက်လှေသမား တဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ စက်လှေသည် ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့မည့် ICRC ထောက်ပံ့ရေး ပစ္စည်းများကို တင်ဆောင်ကာ ယနေ့ မနက်ပိုင်း က စစ်တွေမြို့မှနေ ထွက်ခွာခဲ့ရာတွင် ပြင်ဝန်းကျေးရွာနှင့် ကံပြင် ကျေးရွာကြား မေယုမြစ် ထဲတွင် ထိုသို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ပစ်ခံရသည့် ဒဏ်ရာ ရရှိခဲ့သူ ဦးမောင်သန်းဝေက ပြောသည်။
ဦးမောင်သန်းဝေက “ကျနော်တို့က အိုင်စီအာစီ ပစ္စည်းတွေကို သွားပို့တာပါ။ အစိုးရ ခွင့်ပြုချက်စာတွေလည်း ပါပါတယ်။ အဲဒီလိုသွားရင်း ပြင်ဝန်းကျေးရွာအနီးမှာ တပ်မတော် ရေယာဉ်က အထက်က ဆင်းလာပါတယ်။ ကျနော်တို့ကလည်း သူတို့နဲ့ တွေ့တော့ ဖြေးဖြေးမောင်းပါတယ်။ အဲဒီအချိန် ဘာမှန်းမသိ လှမ်းပစ်ပါတယ်။ သူတို့ဆီ လှမ်းကပ်မယ်လုပ်တော့လည်း အကပ်မခံဘူး ။ တောက်လျှှောက် ပစ်ပါတယ်။ ကျနော်တို့ ရေထဲကို ခုန်ဆင်းတဲ့အချိန် စစ်သားတွေ စက်လှေပေါ် တက်ပြီး ဓါတ်ဆီး လောင်းပြီး စက်လှေကိုပါ မီးရှို့သွားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါရေယာဉ်မှာ လုံခြုံရေး အရ စစ်ဆေးရန် တပ်မတော်ရေက တားဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က “ICRC ရိက္ခာတွေ ပို့ဖို့ ငှားထားတဲ့ ရေယာဉ်ပဲ ICRC အပိုင်မဟုတ်ဘူး။ အဲဒီသင်္ဘောကို Navy ကနေ တားတယ်။ မရပ်ဘူး။ မောင်းပြေးတယ်လို့ သိရတယ်။ စိစစ်စဲ သတင်းအရ အဲဒီသင်္ဘောပေါ်ကလည်း ပြန်ပြီးပစ်တယ်လို့ သိရတယ်။ Navy က ဘာလို့တားတာလဲဆိုတော့ တရားမဝင် လက်နက်ခဲယမ်းတွေ မပါအောင် တားစစ်တာပဲ” ဟု ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ စက်လှေတွင် လိုက်ပါလာသူ ၄ ဦးအနက် ၁ ဦးမှာ စက်လှေပေါ်တွင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ ၂ ဦးကိုတော့ စေတီပြင် တိုက်နယ်ဆေးရုံမှနေ စစ်တွေ ဆေးရုံသို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
You may also like these stories:
ရခိုင်၌ ICRC ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ
ICRC ကို မောင်တော ဒေသခံ ၃၀၀ ခန့် ကန့်ကွက်
ICRC ထောက်ပံ့ရေး ရေယာဉ်အား ဟန့်တားမှု လူ ၈ဦး ထိန်းသိမ်းထား
ICRC ထောက်ပံ့ရေး ရေယာဉ် ဟန့်တားသူ ၉ ဦးအား ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်