ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို မဲဆွယ်စည်းရုံးရေး ခွင့်ပြုထားသည့် နောက်ဆုံးရက်တွင် ဖြုတ်သိမ်းခြင်းမရှိပါက သက်ဆိုင်ရာ မြို့တော်စည်ပင်ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများက ဖြုတ်သိမ်းသွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်လိုက်သည်။
မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး နိုဝင်ဘာလ ၆ ရက်နေ့၊ ည ၁၂ နာရီသည် ခွင့်ပြုကာလ ကုန်ဆုံးမည်ဖြစ်ပြီး မဲဆွယ် စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို နောက်ဆုံးထား ဖြုတ်သိမ်းရမည်ဖြစ်သည်။
မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “ကော်မရှင်ကတော့ မဲဆွယ်စည်းရုံးခွင့် ပေးတဲ့ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအထိပဲ ပေးထားတာ။ အဲဒီနောက်မှာ မဲဆွယ်စည်းရုံးတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေ၊ အလံတွေ၊ ကားတွေမှာ ကပ်ထားတဲ့ စတေကာတွေက ဖြုတ်ရမှာပါ” ဟု ပြောသည်။
ကြောညာထားသည့် အတိုင်း ဖြုတ်သိမ်းထားခြင်း မရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာ ရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ ပိုစတာများကို ဖြုတ်သိမ်းမည်ဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်ရသည့် ကုန်ကျစရိတ်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီကစပြီး နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည် အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားရမည်ဖြစ်သည်။
You may also like these stories:
တပ်မဲများသည့် နေရာများကိုသာ ပြန်ဖွင့်ပေးသည်ဟုဆိုကာ UEC ထပ်မံ ဝေဖန်ခံနေရ
ပြိုင်ဆိုင်မှု ပြင်းတဲ့ စစ်ကိုင်းတိုင်းသားတို့ ရွေးကောက်ပွဲ၊ ဘယ်သူတွေကို ရွေးချယ်မလဲ
ANP ပါတီ အောင်နိုင်ရေးသင်္ဘော သံတွဲနှင့် ဂွမြို့တို့၌ ကမ်းကပ်ခွင့် မရ