၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် အင်အားပြခြင်း၊ လှည့်လည်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ရာတွင် ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မဲဆွယ်စည်းရုံးခြင်းနှင့် လူအင်အား ၅၀ အထက် ပိုမိုစုဝေး နေခြင်း စသည့် စည်းကမ်းများ ဖောက်ဖျက်ပါက လူစုခွဲ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မှု၊ ခွင့်ပြုချက် ရှိသော်လည်း အင်အား ၅၀ ဦးထက် ပိုမိုနေမှု စသည့် သတ်မှတ်စည်းကမ်းများနှင့် မညီပါက ယနေ့ အောက်တိုဘာလ ၂၉ ရက် မှစပြီး ရဲတပ်ဖွဲ့က ရာဇဝတ်ကျင့်ထုံး ၁၂၇/၁၂၈ တို့နှင့်အညီ လူစုခွဲအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက “တကယ်ပဲ အရေးယူမလား ဆိုတာကတော့ ပြည်သူတွေအပေါ် ကြည့်ရမှပေါ့။ လိုက်နာတဲ့အပေါ် ပျက်ကွက်တဲ့ အပေါ် မှာပေါ့ COVID-19 ကလည်း ပိုပြီးတော့ ပျံ့နှံ့လာပြီလေ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒါကိုမလုပ်ရဘူးလို့ ထုတ်ပြန်ထားပြီးသား ၁၂၇/၁၂၈ ဆိုတာ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့အတွက်ကြောင့် သဘာဝဘေးနဲ့ပဲ ဖွင့်ရင်လည်း ဖွင့်မှာ” ဟု ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ် စည်းရုံးရေးများ ဆောင်ရွက်ရာတွင် ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်း ပေါ်မူတည်၍ တကြိမ်လျှင် လူ ၅၀ ဦးထက် မပိုစေဘဲ လူတဦးနှင့် တဦး ရှေ့နောက် ဝဲ၊ ယာ အနည်းဆုံး ၆ ပေကွာ နေရာချထားရန်၊ လေဝင် လေထွက်ကောင်းသော နေရာများတွင်သာ ပြုလုပ်ရန်၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော်လည်း နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် သတ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်ခြင်း၊ Social Distancing Rule ကို လိုက်နာရန် လိုအပ်ခြင်း၊ ဝန်းရံသူ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်မှု အားနည်းခြင်းများကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲကေ်ာမရှင်က မကြာမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ ကျန်ရှိနေသည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ သက်ဆိုင်ရာက အချိန် ကာလ၊ နေရာဒေသအလိုက် ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့၏ ပါတီဝင် များ၊ ဝန်းရံသူ မဲဆန္ဒရှင် ပြည်သူများကိုလည်း အဆိုညွှန်ကြားချက်များနှင့် အညီ အလေးထားလိုက်နာ ဆောင်ရွက်စေရေး ကြီးကြပ်ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်ထုတ် တိုက်တွန်း ထားသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ပါတီကြီးများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) နှင့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီ အပါအဝင် ပါတီအချို့အား ဝန်းရံသူများက လူအင်အား ရာဂဏန်းမှ သောင်းဂဏန်းချီ ပါဝင်သော မဲဆွယ်ပွဲအသွင်ဆောင်သည့် စီတန်းလှည့်လည်မှုများကို ပြုလုပ် လျက်ရှိသည်။
ပုသိမ်မြို့တွင် Stay at Home ကြေညာထားသော်လည်း အောက်တိုဘာလ ၁၇ ရက်၊ ၁၈ ရက်နှင့်၂၀ ရက်တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့က လူစုလူဝေးဖြင့် ပါတီအင်အားပြ လှည့်လည် မဲဆွယ်ခဲ့သည့်အတွက် လူစုလူဝေးဖြင့် ပါတီ အင်အားပြ လှည့်လည်ပွဲ ဦးဆောင်ခဲ့သူ၂၂ ဦးကို အရေးယူသွားရန် ဧရာဝတီတိုင်း ဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကော်မတီက ညွှန်ကြား ထားကြောင်း သိရသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၄၉,၀၇၂ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၁၇၂ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၂၈,၆၃၆ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲများ စပေး
မဲဆွယ် ကြော်ငြာများ သတ်မှတ်ရက်တွင် မဖြုတ်လျှင် အရေးယူခံရမည်