ကိုဗစ် ကပ်ရောဂါ မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း ပြင်းထန်နေချိန်တွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ ဇမ္ဗူသီရိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲရုံးတွင် မဲထွက်ပေးခဲ့ကြသည်။
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂ ဦး ကြိုတင် မဲပေးနိုင်ရန် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်က သီးသန့် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပြီး သမ္မတရုံးကလည်း သတင်းထောက်များ သတင်းရယူနိုင်ရေး စီစဉ်ပေးခဲ့သည်။
“ပြည်သူတွေကတော့ ယုံကြည် အားကိုးပြီးသားပါ။ ပြည်သူတွေအပေါ်မှာ ကျနော်တို့က ယုံကြည်မှု အ ပြည့် ရှိပါတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ယုံကြည်ထားပါတယ်”ဟု ကြိုတင်မဲပေးမှု အပြီးတွင် သမ္မတ ဦးဝင်းမြင့်က သတင်းထောက်များကို ပြောသည်။
သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် မဲဆန္ဒနယ်ပြင်ပမှနေ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၁၅ နှင့် တင်ပြ လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး သမ္မတဦးဝင်းမြင့်သည် ရန်ကုန်တိုင်း၊ တာမွေ မဲဆန္ဒနယ်အတွက်လည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ရန်ကုန်တိုင်း၊ ဗဟန်းမဲဆန္ဒနယ်တို့အတွက် လည်းကောင်း ကြိုတင်ဆန္ဒမဲ ပေးခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်ပြီး ယင်းနေရာတွင် မဲပေးခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်တွင် ဝင်ရောက် ယှဉ် ပြိုင်ပြီး ယင်းနေရာတွင် မဲပေးခဲ့သလို ၂၀၁၇ က ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း တာမွေမြို့နယ်တွင် မဲသွားပေးခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဦးဝင်းမြင့်သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကပင် ဝင်ရောက်ယှဉ်ပြိုင် မည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ရွေးကောက်ပွဲ ၂ ခုစလုံးတွင် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၎င်း၏ အိမ်ထောင်စုစာရင်းရှိရာ ဗဟန်းမြို့နယ်တို့တွင် မဲပေးလေ့ရှိသည်ဟု သိရသည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဟောင်း ဖြစ်သည့် ကော့မှူးမြို့နယ်၊ ပြည်သူ့ လွှတ်တော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
“ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမယ်လို့ သူတို့ ဆုံးဖြတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲ မဲပေးဖို့အတွက်ကို သမ္မတနဲ့ အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ပြီးတော့ ရွေးကောက်ပွဲ ကန်ပိန်း သဘောမျိုးပဲပေါ့နော်။ မီဒီယာတွေပါ ခေါ်ပြီး လုပ်ပြ တယ်လို့ အဲဒီလိုပဲ မြင်ပါတယ်”ဟု ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ပြည်သူ့ပါတီအနေဖြင့် ပြည်သူ့ကျန်းမာရေးသည် အဓိကဆိုသည့် မူကို ကိုင်ဆွဲထားပြီး ဖြစ်လာမည့် အကျိုးဆက်ကို အား လုံးခံရမည် ဖြစ်သော်လည်း တာဝန်ရှိသူများက တာဝန်ပိုပြီး ယူရမည် ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
“ကျနော်တို့ ပထမလှိုင်းတုန်းက သင်္ကြန်ပိတ်ရက်ခံလို့ ထိန်းချုပ်နိုင် လိုက်သလိုမျိုး ဒုတိယလှိုင်း စဖြစ်တဲ့အချိန်မှာလည်း ကျနေ်ာတို့က ထိန်းချုပ်ဖို့အတွက် မျှော်လင့်ခဲ့တယ်။ နောက်ဆုံး လိုအပ်ရင် ဒီဇင်ဘာလကုန်လောက်အထိ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရင်တောင်မှ ဖွဲ့ စည်းပုံအရ အကြပ်အတည်း မဖြစ်နိုင်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
ယခုအချိန်တွင် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးက ပိုအရေးကြီးနေသဖြင့် ရွေးကောက်ပွဲမှာ ဥပဒေအရ ရွှေ့ ဆိုင်းခွင့်ရှိပြီး အရေးပေါ် အခြေအနေ ကြေညာရန် မလိုအပ်သလို တပ်မတော်နှင့် ညှိနှိုင်းစရာလည်း မလိုကြောင်း၊ အစိုးရ ပြောင်းဖွဲ့ ရန် လည်း မလိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“ရွေးကောက်ပွဲရွှေ့ဆိုင်းတဲ့အတွက် ဘာနိုင်ငံရေးအရ အကြပ်အတည်းမှ ပေါ်လာစရာ အကြောင်း မရှိဘူး။ အဲဒီလို အခြေ အနေ ရှိနေတဲ့အခါကျတော့ ကိုဗစ်ကပ်ရောဂါက ရွေးကောက်ပွဲထက် ပိုပြီးတော့ အရေးကြီးတယ်လို့ မြင်တယ်။ အထူးသ ဖြင့် ရောဂါပိုး ကူးစက်မှုပြင်းထန်နေတဲ့ ဥပမာ ရန်ကုန်တိုင်းလိုမျိုးမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာမျိုး စဉ်းစားသင့် တယ်”၎င်းက ဆိုသည်။
“အခုကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးဖို့ပိုပြီးတော့ တွန်းအားဖြစ်စေဖို့ ရည်ရွယ်တယ်လို့ မြင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်ကမူ သမ္မတနှင့် အတိုင်ပင်ခံတို့ နေပြည်တော်တွင် ကြိုတင်မဲ ထည့်နေသလို ရန်ကုန်မြို့ တွင်လည်း အသက် ၆၀ ကျော်သူများ၊ မသန်စွမ်းသူများ၊ လေဖြတ်နေသူများ မဲပေးနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်ပေးလျက်ရှိရာ ကြိုဆိုရမည့် ကိစ္စတခု ဖြစ်ကြောင်း ပြောသည်။
ဦးထွန်းကြည်က “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုယ်တိုင်က လက်တွေ့ ပြသတယ်လို့လည်း အကိုတို့က ရှုမြင် သုံး သပ်တယ်။ ဘာကြောင့်လည်းဆိုတော့ ၈ ရက်နေ့မှာ တို့ပြည်သူတွေ မဲထည့်တဲ့နေရာမှာ ကိုဗစ်ကာလ ဖြစ်လင့်ကစား မစိုး ရိမ်ဖို့ မကြောင့်ကြဖို့ အတွက်ကို သူတို့ကနေပြီးတော့ ရှေ့ထွက်ပြီးတော့ လက်တွေ့လုပ်ပြတယ်လို့ မြင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၄၉၀၇၂၊ သေဆုံးသူ ၁၁၇၂ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၂၈၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
ကိုဗစ်ကာလတွင် ပြည်သူများ အန္တရာယ် ကင်းရှင်းစွာ မဲပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်တွင် ၃ ကြိမ်ခန့် မဲပေးမှု သရုပ်ပြနည်းများကို စစ်ဆေးခဲ့သည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီကလည်း ရောဂါဘေး ၊လက်နက်ဘေး ကျရောက်နိုင်သော နေရာများတွင် ပြည်သူလူထု၏ လုံ ခြုံရေးကို ရှေး ရှူပြီး ရွေးကောက်ပွဲ ကျင်းပခြင်းကို ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က အိတ်ဖွင့်စာတစောင် ပေးပို့ခဲ့သေးသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကမူ ၎င်းတို့အနေဖြင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခဲ့သည့် နိုင်ငံများကို လေ့လာထားပြီး ယခု ရွေးကောက်ပွဲကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ဆို သည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ၃၇ သန်း၊ ပထမအကြိမ် မဲပေးမည့် မဲဆန္ဒရှင် ၄.၆ သန်း ရှိပြီး နိုင်ငံရေးပါတီ ၁၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ ကြိုတင်မဲများ စပေး
မဲဆွယ်လှည့်လည်မှု လူ ၅၀ ထက်ကျော်လျှင် အရေးယူမည်
မဲဆွယ် ကြော်ငြာများ သတ်မှတ်ရက်တွင် မဖြုတ်လျှင် အရေးယူခံရမည်