သတင်း

AA ဖမ်းသွားသည့် ရသေ့တောင် မြို့မိ မြို့ဖ ၂ ဦးအနက်မှ ၁ ဦးပြန်လွတ်လာ

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင်စစ်တပ် (AA) ကဖမ်းဆီးခေါ်ဆောင်သွားသည့် ရသေ့တောင်မြို့မှ မြို့မိ၊ မြို့ဖ အဖွဲ့ဝင် ၂ ဦးအနက်မှ ဦးသာဇံ သည် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင် ကိုယ်တိုင်က ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

ဦးသာဇံက “ဒီနေ့ နေ့လည် ၂ နာရီက ကျနော် ပြန်လွတ်လာပါတယ်။ အားလုံး အေးအေးဆေးပါ။ ကျနော်တို့က အသက်ကြီးပိုင်းတွေဆိုတော့ ကျနော်တို့ကို လေးလေးစားစား ဆက်ဆံတယ်။ ရေချိုးဖို့ ရေတွေ ဘာတွေလည်း ခပ်ပေးကြပါတယ်။ ဖမ်းတဲ့အကြောင်းက အပြင်မှာ သူတို့မကောင်းကြောင်းတွေ ပြောတယ်ဆိုပြီး တိုင်တဲ့ လူရှိတဲ့အတွက် ခေါ်ယူ စစ်ဆေးတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ် ၈ ဦးနှင့်အတူ ရသေ့တောင် မြို့နယ်အတွင်းက စစ်ရှောင် စခန်းများသို့ သွားရောက်စဉ် င/လပြား ဆိပ်ကမ်းသို့ အရောက်၌ ဦးသာဇံနှင့် ဦးသိန်းမောင်တို့ကို AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အသက် ၇၀ ကျော်အရွယ် မြို့မိ ၊ မြို့ဖ နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ရသေ့တောင် မြို့ပေါ်တွင် စိုးရိမ်မှု မြင့်တက်ခဲ့သလို AA အဖွဲ့အပေါ်လည်း ဝေဖန်မှု မြင့်တက်ခဲ့သည်။

ထိုသို့ မြို့မိ ၊ မြို့ဖ အဖွဲ့ဝင် ၁ ဦးဖြစ်သူ ဦးသာဇံ ကျန်းကျန်းမာမာဖြင့် ပြန်လည် လွတ်မြောက်လာသော်လည်း ဦးသိန်းမောင်မှာတော့ စစ်ဆေးမှု မပြီးသေးသည့်အတွက် ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း ဦးသာဇံက ရှင်းပြသည်။

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသော တိုက်ပွဲကာလ အတွင်း အရပ်သားများ လုံခြုံမှု ကင်းမဲ့နေသလို နှစ်ဘက်တပ်များ၏ ဖမ်း ဆီးခြင်းကိုလည်း ခံနေကြရသည်။

တပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာသား အမြောက် အများ ကို ဖမ်းဆီးမှုများ ရှိနေသလို ရက္ခိုင်စစ်တပ် (AA) ကလည်း တပ်မတော် သတင်း ပေးဟုဆိုကာ ကျေးရွာသားများကို ဖမ်းဆီးလေ့ရှိသည်။

ယခုလ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မဲဆွယ်စည်းရုံးရေး သွားရောက်သည့် လွှတ်တော်ကိုယ် စားလှယ်လောင်း ၃ ဦးကို AA အဖွဲ့ ဖမ်းဆီး သွားပြီး လက်ရှိ အချိန်အထိ ထိမ်းသိမ်း ထားသည်။

ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင်အရေ အတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစ ည်း အရုံး (REC) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

တပ်မတော်က စစ်တိုင်းကြီး ၅ ခု အား တဘက်သတ် အပစ်ခတ်ရပ်စဲကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အကြမ်းဖက်သမားများ ရှိသည်ဆိုသည့် အကြောင်း ပြချက်ဖြင့် ရခိုင်ပြည်နယ်ကို ချန်လှပ်ထားခဲ့သည်။

ကိုရိုနာဗိုင်းရပ်ပိုးတနေ့တခြား ကူးစက်မှု မြင့်မားနေသည့်နေသည့်အတွက် ရခိုင်ပြည် နယ်တခုလုံးကား Stay at Home နေထိုင်ကြရန် နိုင်ငံတော် အစိုးရမှ အမိန့် ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ်မတော်နှင့် AA အဖွဲ့တို့၏ နှစ်ဘက် စစ်ရေးလှုပ်ရှားမှုကြောင့် နေ့စဉ်နှင့်အမျှ ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေကြရသလို လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် သေဆုံးမှုများလည်း တိုးလာနေသည်။

You may also like these stories:

မေယုမြစ်ထဲတွင် ICRC ထောက်ပံ့ရေး ရေယာဉ် ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး

မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ

ANP ပါတီ အောင်နိုင်ရေးသင်္ဘော သံတွဲနှင့် ဂွမြို့တို့၌ ကမ်းကပ်ခွင့် မရ

Did you find apk for android? You can find new Free Android Games and apps.
Loading