ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှု ရာခိုင်နှုန်း အများဆုံး ဖြစ်သော ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှ ချေးငွေရယူထားသောသူများ၏ နှစ်လစာ အတိုးနှင့်အရင်းများကို အစိုးရ က ယာယီ စိုက်ဆပ်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက် က ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ချေးငွေ ရယူထားသော အသင်းဝင်များ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပြန်လည် ပေးဆပ်ရမည့် အတိုးနှင့်အရင်းများကို ၂၀၂၁ ခုနှစ် ဧပြီလအထိ ဆိုင်းငံ့ပေးရမည်ဖြစ်ပြီး ယင်း ၂ လစာအတွက် အတိုးနှင့်အရင်းကို ၂၀၂၁ ခုနှစ် မေလမှ အောက်တိုဘာလအတွင်းမှသာ အသေးစားငွေရေး ကြေးအဖွဲ့အစည်း (Microfinance) များ အနေဖြင့် ပြန်လည် ကောက်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ အသေးစား ငွေရေးကြေးရေးအဖွဲ့များမှ ချေးငွေ ရယူထားသူများထံက ၂ လစာ ရပ်ဆိုင်းပေးရသည့် ငွေပမာဏ အတွက် ချေးငွေသက်တမ်း ၁ နှစ်၊ ဆိုင်းငံ့ကာလ ၆ လနှင့် အတိုးမဲ့ချေးငွေကို မြန်မာ့ စီးပွားရေးဘဏ်မှတဆင့် ထုတ်ချေး ပေးသွားမည် ဖြစ်သည်။
အစိုးရ၏ ယာယီ စိုက်ဆပ်ပေးသည့် ချေးငွေကိုလည်း အသေးစား ငွေရေးကြေးရေး အဖွဲ့များက မေလမှစ၍ ၆ လအတွင်း ပြန်လည်ကောက်ခံပြီး မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးဆပ်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွက် ရွှေ့ဆိုင်းပေးသည့် ချေးငွေ အရင်းနှင့်အတိုးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ အသေးစား ငွေရေးကြေးအဖွဲ့များသို့ ထုတ်ချေးပေးမည့် အတိုးမဲ့ချေးငွေ အစီစဉ်ကို အသေးစိတ် ထပ်မံထုတ်ပြန်ပေးသွား မည်ဟု အသေးစား ငွေရေးကြေးရေး ကြီးကြပ်မှု ကော်မတီက အသိပေးထားသည်။
မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေး ကူညီမှုအသင်း အတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က “ဥပမာ တနှစ် ချေးငွေကို ပြီး ခဲ့တဲ့ စက်တင်ဘာလက စယူတယ်။ သူက အတိုးရော အရင်းရောကို လစဉ် ခွဲပြီး ဆပ်ရတယ်။ ဒီလို ပုံမှန် ပေးနေတဲ့ ဖြစ် စဉ်ကနေ လာမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွက်ကို မကောက်ခိုင်းတာ။ ဒီနှစ်လအတွက် အတိုးနဲ့အရင်းကို သူက ရပ်ခိုင်း လိုက်တာ။ ဒါကြောင့် ပုံမှန်ဆပ်နေတဲ့ သူအကုန်လုံးက နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွက် ရပ်ထားလို့ ရတယ်။ ဒါကို နောက် မှာ ပြန်ကောက်မှာ ဖြစ်တယ်” ဟု အစိုးရ၏ ညွှန်ကြားချက်နှင့် ပတ်သက်၍ ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဇန်နဝါရီလမှာတော့ သူတို့ ပေးနေကျအတိုင်း ပေးရမယ်။ ဒါပေမယ့် ကျော်သွားပြီး ကျန်နေတဲ့ နိုဝင် ဘာနဲ့ ဒီဇင်ဘာလ ၂ လစာကိုတော့ လာမယ့် မေလမှ ပြန်ပေးရမှာ ဖြစ်တယ်။ နောက်တခုက ဒီနှစ်လအတွင်း လုပ်ငန်းတွေ က ငွေပြန်မကောက်ရရင် သူတို့ရဲ့ ဝန်ထမ်းစရိတ်တွေ ပြဿနာ ရှိတယ်ဆိုတော့ ကာနိုင်မယ်လို့တော့ ယူဆတယ်။ ဒီအ တွက် မြန်မာ့စီးပွားရေးဘဏ်ကနေ ငွေပြန်ချေးပေးတာ ဖြစ်တယ်” ဟု ဆိုသည်။
ယင်းသို့ အစိုးရက နှစ်လအတွက် အသေးစားငွေရေး ကြေးရေးအဖွဲ့များကို ငွေပြန်ချေးပေးမည် ဖြစ်သော်လည်း လိုသ လောက် ချေး၍ ရမည် မဟုတ်ဘဲ ချေးငွေယူထားသော သူများထံက ကောက်ခံ၍ မရသော ငွေပမာဏ တခုကိုသာ ချေးပေးမည်ဟု သိရကြောင်း ဒေါ်ဖြူယမင်းမြတ်က ပြောသည်။
အစိုးရ၏ ညွှန်ကြားချက်အရ ကိုဗစ်ဒဏ် ထိခိုက်မှု အများဆုံးဖြစ်နေသည့် ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် ချေးငွေ ယူပြီး ပြန်မဆပ်နိုင်သည့် သူလည်းများပြားနေခြင်းအပြင်၊ ကျန်းမာရေးပြဿနာကြောင့် ငွေချေးသူနှင့် လုပ်ငန်းရှင်ကြား နှစ်ဖက်လုံး အခက်အခဲများ ရှိနေသဖြင့် ယခု ညွှန်ကြားချက်အရ နှစ်ဖက်စလုံး အသုံးဝင်နိုင်သည်ဟု ထင်ကြောင်း ၎င်းက သုံးသပ်သည်။
ထို့ပြင် လက်ရှိတွင် အစိုးရအနေနှင့် ၂ လ မှန်းပြီး လုပ်လိုက်သော်လည်း ယခု ကျန်းမာရေးအခြေအနေသည် ၂ လထက် ကျော်ပါက မည်သို့ လုပ်မည်နည်း စသည့် အခြေအနေများအတွက်လည်း အစိုးရအနေနှင့် စဉ်းစားထားသင့်ကြောင်း လုပ် ငန်းရှင်များက ပြောဆိုကြသည်။
ယခုလို အစိုးရက ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့ရှိ ချေးငွေ ယူထားသူများကို နှစ်လ ရပ်ဆိုင်းပေးသလို တခြားသော တိုင်းနှင့် ပြည်နယ်များရှိ ချေးငွေ ယူထားသည့်သူများကလည်း တောင်းဆိုလာခြင်းများရှိပါက အသေးစားငွေရေးကြေးရေး အဖွဲ့များ၏ ငွေပြန်လည် ကောက်ခံမှုများ ထိခိုက်ကာ လုပ်ငန်းများ လည်ပတ်မှု နှေးကွးသွားနိုင်ကြောင်းလည်း လုပ်ငန်းရှင် များက ပြောသည်။
ရန်ကုန်တိုင်းရှိ အသေးစားငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်သူ တဦးက “ကျနော်တို့ အတွက်က ဒါက ခဏတော့ အဆင် ပြေပါတယ်။ ဒါပေမယ့် ဒီထက် အချိန်ကြာသွားရင် ဘယ်လို လုပ်မလဲ။ ရန်ကုန်မှာ ရှိတယ်ဆိုပေမယ့် တနိုင်ငံလုံး အတိုင်း အတာနဲ့ စဉ်းစားရပါတယ်။ အခုက ငွေပြန်ကောက်ရတာ တော်တော် ဆိုးတယ်။ မပေးနိုင်လို့ ရပ်ထားရတဲ့ နေရာတွေ ရှိ တယ်။ ပြဿနာက လူတွေ မဟုတ်ဘူး။ သူတို့ ဝင်တဲ့ ဝင်ငွေကိုက နည်းသွားတာ” ဟု ပြောသည်။
ပုံမှန်ချေးငွေ ပြန်ဆပ်သည့် သူများရှိသော်လည်း ရန်ကုန်တိုင်းတွင် ချေးငွေ ယူထားပြီး ပြန်ဆပ်နိုင်သည့် ပမာဏမှာ ယခင် ထက် လျှော့နည်း နေသည်ဟု ၎င်းက ပြောသည်။
အင်းစိန်မြို့နယ်ရှိ ချေးငွေယူထားသည့် အထည်ချုပ် အလုပ်သမား မမာမာက “ချေးငွေ ပြန်ဆပ်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ မပြောဘူး။ ပြီးခဲ့တပတ်ကတော့ တဝက်ပဲ ဆပ်နိုင်လို့ ပြောပြီး ဆပ်လိုက်တယ်။ အခုက အလုပ်တွေက ပုံမှန် မဆင်း ရတော့ စားဖို့တော့ အနိုင်နိုင်ဖြစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရပ်ကွက်၊ ကျေးရွာများတွင် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ချေးယူသူများက အသင်းဝင် အစုအဖွဲ့များနှင့် ချေး ယူခြင်းဖြစ်ပြီး လက်ရှိတွင် ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ ယခင်သို့ ပုံမှန်အခြေအနေ မရှိသေးသဖြင့် ဝင်ငွေ ရရှိမှုများမှာ ယခင်ထက် လျော့နည်းလျက် ရှိနေသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေး လုပ်ငန်းများမှ ငွေချေးယူ သူပေါင်း၂ သန်းခန့် ရှိပြီး ချေးငွေ စုစုပေါင်း ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း MMFA အသင်း၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
မြန်မာ တနိုင်ငံလုံး အနေဖြင့် Microfinance ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို လိုင်စင်ထုတ်ပေးထားသည်မှာ ၁၉၃ ခု ရှိကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
You may also like these stories:
ချေးငွေပြန်ဆပ်ခြင်း ဆိုင်းငံ့ပေးရန် တိုင်းနှင့်ပြည်နယ် အစိုးရတချို့ ထုတ်ပြန်
ချေးငွေ အတိုး အရင်းများကို အတင်းအကြပ် ကောက်ခံပါက လိုင်စင်ပိတ်မည်