ရန်ကုန်တိုင်း ဒေသကြီးရှိ လူမှုဖူလုံရေး အကျုံးမဝင် လုပ်သားများအတွက် ထောက်ပံ့ကြေးကို အောက်တိုဘာလ ၂၈ ရက်မှ စတင်၍ ထုတ်ပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံက သိရသည်။
အစိုးရဌာနများမှ နေ့စား ဝန်ထမ်းများ၊ စက်မှုဇုန် အသီးသီးရှိ အလုပ်ရုံ၊ စက်ရုံများမှ လျှောက်ထားသည့် အလုပ်သမား စုစု ပေါင်း၂ သောင်းကျော်ကို တဦးလျှင် ၃ သောင်းနှုန်း ထောက်ပံ့မှု စတင်ပေးပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
ဒေါ်မိုးမိုးစုကြည်က “အစိုးရ ဌာနက နေ့စား ဝန်ထမ်းတွေ၊ စက်မှုဇုန်အတွင်းကနေပြီးတော့ အလုပ်ရုံ၊ စက်ရုံတွေကနေ Online နဲ့ လျှောက်ထား မှု ပြုထားတဲ့ လုပ်သားပေါင်း ၈ ထောင်ကျော်ရယ်၊ အလုပ်ဌာနတွေရဲ့ လုပ်သားပေါင်း ၁ သောင်း ၄ ထောင်ကျော်ကို မနေ့ ကစပြီးတော့ စတင် ထုတ်ပေးပါပြီ” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုဖူလုံရေးတွင် အကျုံးဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမား ဦးရေ ၆၈၀,၀၀၀ ကျော်ရှိပြီး အဆိုပါ အလုပ်သမားများကို တဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရက ကြေညာထားပြီးဖြစ်သည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “လက်လုပ်လက်စားတွေ ထည့်ပေါင်းရင်တော့ ၆၈၀,၀၀၀ ထက်တော့ ပိုနိုင်တဲ့ ပမာဏ ရှိပါတယ်။ ဒါကြောင့် ၆၈၀,၀၀၀ ဆိုတဲ့ စာရင်းဇယားက ဘယ်အပေါ်မှာ မူတည်ပြီးတော့ ကောက်ခံတာလည်း ဆိုတာလည်း ရှင်းရှင်းလင်းလင်းတော့ ထုတ်ပြန်ဖို့ လိုပါတယ်” ဟု ပြောသည်။
ထုတ်ပြန် ကြေညာထားသည့် ၆၈၀,၀၀၀ ကျော်ကို ပြည့်မီနိုင်ရန်အတွက် အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနများနှင့် အလုပ် သမားများက ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ဒေါ်မိုးမိုးစုကြည်က ပြောဆိုသည်။
“ဖွင့်ရက်မှာ တင်ပြထားတဲ့ အကျုံးမဝင်တဲ့ လုပ်သားတွေအတွက် ဆက်ပြီးတော့ နေ့စဉ်ရက်ဆက် ထုတ်ပေးသွားပါမယ်။ ပြည့်မီရေး မပြည့်မီရေးနဲ့၊ ပေးကိုပေးရမယ့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်နိုင်ဖို့ အတွက်ကလည်း အလုပ်သမားကလည်း ပူးပေါင်း ပါဝင်ဖို့ လိုအပ်သလို အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာနရဲ့ လုပ်ငန်းရှင်များကလည်း ပူးပေါင်း ပါဝင်ပြီးတော့ ဒီစာရင်းတွေ ပေးပို့ တဲ့အပေါ်မှာ မူတည်ပြီးတော့ စိစစ် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Stay at Home ကြေညာခံထားရသည့် မြို့နယ်များမှ လူမှုဖူလုံရေးကြေး ပေးဆောင်ထားသည့် လုပ်သားများအားလုံးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက လစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးလျက် ရှိ သည်။
COVID-19 ကာလအတွင်း အလုပ်ဌာန စုစုပေါင်း ၃,၄၄၀ ဌာနသည် လူမှုဖူလုံရေး ထောက်ပံ့ငွေ လျှောက်ထားခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်အထိ လျှောက်ထားမှု အချက်အလက် ပြည်စုံသည့် ဌာန ၁,၇၆၅ ဌာနမှ အာမခံအလုပ်သမား ၂ သိန်းခွဲနီးပါးအတွက် ကျပ် ၁၆ ဘီလီယံကျော် ခွင့်ပြုပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အား ဝန်ကြီးဌာနက သိရသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၄၉,၀၇၂ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၁၇၂ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၂၈,၆၃၆ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများကို လစာ၏ ၄၀ ရာခိုင်နှုန်း အစိုးရ ထောက်ပံ့မည်