ကိုဗစ်ကာလ နယ်စပ်ဂိတ်များ ပိတ်ထားသည့်ကြားမှ အိန္ဒိယနိုင်ငံဘက်သို့ တရားမဝင် သွားလာမှုဖြင့် အောက်တိုဘာ ၂၈ ရက်အထိ ဖမ်းမိထားသူ စုစုပေါင်း ၁၇ ဦးအထိရှိပြီဟု တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ဧရာဝတီသို့ ပြော သည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့်အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အရေးယူခံထားရသည့် ၁၇ ဦးအနက် ၁၅ ဦးကို ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ပြီး ယနေ့ ဖမ်းမိသည့်၂ ဦးမှာ တရားရင် ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
ဦးမျိုးမင်းအောင်က“ဖမ်းမိထားတာ စုစုပေါင်း ၁၇ ယောက် ရှိပြီ။ ဒီနေ့တော့၂ ယောက် သူတို့က တရားရုံးမှာ။ ကျန်တဲ့သူ တွေကတော့ သဘာဝဘေးနဲ့ အရေးယူပြီး ထောင်ဒဏ် ၆ လစီ ချခဲ့တယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းမိသူများမှာ မြန်မာမှ အိန္ဒိယသို့ နယ်စပ်ရှိ တောလမ်းများမှ ပစ္စည်းများ သယ်ဆောင်ကာ သွားရောက်နေကြသူ များ ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တရားဝင် နယ်စပ်ဂိတ်များ ပိတ်ထားချိန်တွင် တရားမဝင် ဝင်/ထွက်သွားလာခြင်းနှင့် ကုန်စည် တင် ပို့ရောင်းဝယ်မှုများ ပြုလုပ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကိုင်းတိုင်း ဒေသ ကြီး အစိုးရအဖွဲ့ကလည်း အောက်တိုဘာလ ၉ ရက်က ထုတ်ပြန်ထားသည်။
တမူးမြို့နယ် စခန်းမှူး သိန်းလွင်က “ကျနော်တို့ကတော့ နယ်စပ်တလျှောက်မှာ စောင့်ကြပ် ကြည့်ရှုပြီး တရားမဝင် သယ် တယ်၊ သွားလာတယ် ဆိုရင် ဖမ်းဆီးတယ်။ ဖမ်းဆီးရမိသူတွေကိုတော့ သဘာဝဘေးနဲ့ တရားစွဲတယ်။ အခု ဖမ်းမိတဲ့သူ တွေက နယ်စပ် လမ်းကြောင်းတွေကနေ အိန္ဒိယဘက်ကို ကုန်ပစ္စည်း ပို့တာပေါ့။ ဖိနပ်၊ ဓာတ်ဆီ၊ ဆန်တွေ အဲဒီလို ပစ္စည်း တွေ များတယ်” ဟု ပြောဆိုသည်။
ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွား ကူးစက်မှု မရှိစေရေးအတွက် အိန္ဒိယ-မြန်မာ နယ်စပ် သံတံတားဂိတ် အမှတ် ၁ နှင့် အမှတ် ၂ ဂိတ်တို့ကို မတ်လ ၁၀ ရက်က ယာယီ ပိတ်ထားခဲ့သည်။
ထိုသို့ တရားဝင်ဂိတ်များ ပိတ်လိုက်သော်လည်း အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ကျေးရွာများမှ ဒေသခံ တချို့ သည် အိန္ဒိယနိုင်ငံသို့ ဝင်ထွက်သွားလာခြင်းများ ရှိနေသည့်အတွက် တရားမဝင် ကုန်သွယ်သွားလာခြင်း မလုပ်ဆောင်ရန် တိုင်းအစိုးရအဖွဲ့က တားမြစ်လိုက်ခြင်းဖြစ်သည်။
ထိုတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။
တမူးဒေသခံ ဒေါ်သီတာကြည်ကလည်း ယခုအခါ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များ ပိတ်ထားချိန်မှာ ၈ လနီးပါး ကြာမြင့် လာပြီဖြစ်သဖြင့် ကုန်သည်များအပြင် နေ့စား အလုပ်သမားများ၊ ကုန်စိမ်းသည်များပါ စားဝတ်နေရေး ခက်ခဲလာခြင်း ကြောင့် ယခုကဲ့သို့ တရားမဝင် သွားလာနေကြခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်ကလည်း နှစ်နိုင်ငံ နယ်စပ်အနီး တောလမ်းတွင် ဆေးဝါးမျိုးစုံနှင့် အလှပန်းအိုးများ သယ်ဆောင်လာသည့် ဆိုင်ကယ်ကယ်ရီသမား ၅ ဦးအား သဘာဝဘေးဒဏ် ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
တမူးမြို့နန်းဖာလုံ နယ်စပ်ဈေးသည် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကို အားထားရသလို အိန္ဒိယနိုင်ငံ မိုးရေးမြို့ရှိ ကုန်ပစ္စည်း များကိုလည်း မြန်မာများက သွားရောက် ဝယ်ယူခြင်းများ ရှိကြောင်း သိရသည်။
တမူးမြို့နယ်တွင် ကိုဗစ်အတည်ပြု လူနာ ၈ ဦး အပါအဝင် စစ်ကိုင်းတိုင်း ဒေသကြီးတွင် အောက်တိုဘာလ ၂၇ ရက်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၃၀၅ ဦး ရှိသည့်အနက်၂၅၈ ဦး ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။
You may also like these stories:
အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ
ကလေးမြို့ဝင်/ထွက်ကတ် ထုတ်ပေးမှု သက်ဆိုင်ရာမှ ပြန်သုံးသပ်ပေးရန် တင်ပြ
အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်မှ တရားမဝင်သွားလာ ရောင်းဝယ်မှုများ အရေးယူမည်