ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အမှတ် ၁ ရပ်ကွက်တွင် ယမန်နေ့က အသက် ၆၀ ကျော် သက်ကြီးမဲဆန္ဒရှင်များကို အိမ်တိုင်ရာရောက် ကြိုတင်မဲလိုက်လံကောက်ခံခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် တံဆိပ်တုံးထု၍ မဲပေးရမည့်အစား မဲစာရွက်များတွင် ဘောပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကြိုတင်မဲလိုက်လံကောက်ခံရာတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ကျ မဲရုံဝန်ထမ်းများ၊ ရွေးကောက်ပွဲဝင်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နေအိမ်များသို့ ကြိုတင်မဲလိုက်လံကောက်ခံခဲ့ရာ ဆန္ဒမဲလက်မှတ်၌ ဘောပင်ဖြင့် အမှန်ခြစ် မဲပေးစေခဲ့သလို မဲပုံးကိုလည်း ယူဆောင်သွားခြင်းမရှိဘဲ ဆန္ဒမဲစာအိပ်များအား ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးယူဆောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မအူပင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးဇော်မိုးက “အမှတ် ၁ ရပ်ကွက်မှာ ဘောပင်တွေနဲ့ အကုန်လုံးခြစ်ထားတာ မဲလက်မှတ် ၁၂၀ လောက် ရှိတယ်။ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက ဘောပင်နဲ့ပဲ ခြစ်ရမယ်ဆိုပြီးတော့ ဘောပင်နဲ့ ခြစ်ခိုင်းတာ။ မဲစာအိတ်တွေကလည်း တချို့ကပိတ်ထားတယ်။ တချို့ကလည်း ပိတ်မထားဘူး။ ပြီးတော့ ကြိုတင်မဲလိုက် ကောက်တာ မဲပုံးယူမသွားဘဲ မဲစာအိတ်တွေကို ကျွတ်ကျွတ်အိပ်နဲ့ထုပ်ပြီး မဲရုံကိုပြန်ယူလာတယ်”ဟု ဧရာဝတီကို ပြောသည်။
မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရပ်ကွက်၊ ကျေးရွာ မဲရုံများအတွက် မဲပုံးများ၊ ကော်ဗူးများ၊ အမှန်ခြစ်ပုံပါသည့် တံဆိပ်တုံးများ ဖြန့်ဝေထားပြီးဖြစ်သော်လည်း အမှတ် ၁ ရပ်ကွက်၌ ကြိုတင်မဲ ကောက်ခံချိန်တွင် အဆိုပါ ပစ္စည်းများအသုံးပြုခြင်းမရှိကြောင်း ဦးဇော်မိုးက ဆက်ပြောသည်။
ထိုသို့ ကြိုတင်မဲပေးမှု အမှားအယွင်းများ ဖြစ်ပေါ်ခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ကိုယ်စားလှယ်လောင်းများ သိရှိသွားပြီးနောက် မအူပင်ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားလုံးပါဝင်သောအစည်းအဝေး ပြုလုပ်၍ ဘောပင်ဖြင့်အမှန်ခြစ်ထားသည့် ဆန္ဒမဲလက်မှတ်များကို
ပယ်မဲအဖြစ် မသတ်မှတ်ဘဲ ခိုင်လုံမဲအဖြစ် အတည်ပြုသည်ဟု ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးရဲမြင့်က “ကျနော်တို့က ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပါတီစုံက ကိုယ်စားလှယ်လောင်းတွေကို အကုန်လုံးခေါ်ပါတယ်။ မြို့နယ်ကော်မရှင်၊ ခရိုင်ကော်မရှင်ကိုလည်း တင်ပြပါတယ်။ အားလုံးရဲ့ညှိနှိုင်းဆုံးဖြတ်ချက်အရ ဒီကနေ့ တရက်တာ ပေးခဲ့တဲ့ကြိုတင်မဲတွေကို အမှန်ခြစ်စနစ်နဲ့ပဲ အတည်ပြုပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။
ကောက်ခံထားပြီးဖြစ်သည့် ဘောပင်ဖြင့် အမှန်ခြစ်ထားသော ဆန္ဒမဲလက်မှတ်များကို ခိုင်လုံမဲ အဖြစ်သတ်မှတ်ခဲ့သော်လည်း အောက်တိုဘာလ ၃၀ ရက်မှစတင်၍ ကြိုတင်မဲကောက်ခံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့်စနစ်အတိုင်း တံဆိပ်တုံးထု မဲပေးခြင်း၊ ဆန္ဒမဲစာအိတ်များ ကော်ဖြင့်ပိတ်ခြင်း၊ မဲပုံးကို ကြိုတင်မဲကောက်သည့်နေရာတိုင်း သယ်ဆောင်၍ မဲပေးသူကိုယ်တိုင် ထည့်သွင်းစေမှုများ ဆောင်ရွက်စေမည်ဟု မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကတိပြုခဲ့ကြောင်း မအူပင်မြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။
You may also like these stories:
“အရည်အချင်းရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကြိုးစားပေးမယ်”
NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး
ကိုဗစ်ကာလတွင် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် မဲထွက်ပေး