မက်သာဖက်တမင်း (ICE) နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ချိနေသည့် မူးယစ်ရာဇာ နှစ်ဦးအား စိတ်ကြွဆေး ပြား ၈.၉ သန်းနှင့်အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းက ဖမ်း မိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ဖမ်းမိခဲ့သည့် စိုင်းရွှေ(ခ)စိုင်းသန်းနိုင်နှင့် တင်ဆန်းဦးဆိုသူတို့သည် ကျပ်ဘီလီယံ ဆယ်ချီတန်ဖိုးရှိသည့် မူးယစ် ဆေးဝါး အမှုများမှ တရားခံပြေးများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးအနေဖြင့် ကျပ် ၅.၃၄ ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား NISSAN DIESEL မော်တော် ယာဉ် ကြမ်းခင်းအံဝှက်အတွင်း ထည့်သွင်းကာ သယ်ဆောင်လာခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီး မိုင်တိုင်အမှတ် ၅ နှင့် ၆ အကြားတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ကွင်းဆက်များလည်း ဆက်လက်ဖော်ထုတ်လျှက် ရှိကြောင်း သိရသည်။
၎င်းတို့အနက် စိုင်းရွှေ (ခ) စိုင်းသိန်းရွှေဆိုသူသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အင်းစိန်မြို့နယ်၊ မြို့သစ် (ဂ) ရပ်ကွက်ရှိ အမှတ် ၁၂၀ (က) နေအိမ်ဂိုထောင်အတွင်း ရပ်ထားသည့် ကားအတွင်း အံဝှက်လုပ်ထည့်သွင်းထားသည့် ကျပ် ၃ ဘီလီယံ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁.၅ သန်းကျော် ဖမ်းမိခဲ့သည့်အမှုမှ တရားခံပြေးတဦး ဖြစ်သည်။

ယင်းသို့ အင်းစိန်မြို့နယ်အတွင်းမှ ဖမ်းမိမှုသည်ပင်လျှင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က ပန်းတောင်းမြို့ နယ်၊ ညောင်ကျိုစစ်ဆေးရေးဂိတ်တွင် ကျပ် ၆.၃ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁.၈ သန်း ဖမ်းမိခဲ့သည့် အမှုမှ ကွင်းဆက်အနေဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် စိုင်းရွှေ (ခ) စိုင်းသန်းနိုင်အနေဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့က မောင်တောမြို့နယ်၊ ဝေသာလီ ကျေးရွာ၊ မောင်တော-အငူမော်သွား ကားလမ်းပေါ်ရပ်တန့်ထားသည့် Hino ယာဉ်ပေါ်မှ ကျပ် ၁၇.၅၅ ဘီလီယံ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈.၇၇၅ သန်းအား ဖမ်းမိခဲ့သည့်ဖြစ်စဉ်မှ တရားခံပြေးလည်းဖြစ်ကြောင်း မူးယစ် ရဲတပ်ဖွဲ့က ဆိုထားသည်။

အခြားတဦးဖြစ်သည့် တင်ဆန်းဦးဆိုသူသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ကော့သောင်းမြို့နယ်၊ မြောက်တော်ဝင်ကျွန်း အနောက်ဘက် ရေမိုင် ၂၀ ခန့်အကွာတွင် ကျပ် ၃၄ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေး ၁၇၃၇ ကီလိုအား ဖမ်းမိမှုမှ တရားခံပြေးတဦးဖြစ်ပြီး မူးယစ်ဆေးဝါးများအား နောက်ကွယ်က ပို့ဆောင်ခိုင်းသူဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများအား ၎င်း၏ ဇနီးဟောင်းဖြစ်သူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာနေသူပိုင်သည့် စက်လှေအား ငှားရမ်းကာ တဦးလျှင် ပို့ဆောင်ခ ကျပ် ၁၀ သိန်းပေးကာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ရေပြင်အကြားသို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်သည်။
ယင်းအမှုနှင့် ဆက်စပ်ပြီး စက်လှေပိုင်ရှင်ဖြစ်သူ ဇနီးဟောင်းနှင့် စက်လှေပေါ်လိုက်ပါသူ ၇ ဦးဖမ်းဆီးခံခဲ့ရပြီး တင်ဆန်းဦးမှာ ဒုတိယဇနီးဖြစ်သူနှင့်အတူ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကြောင်း သိရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်နေခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကော့သောင်းတွင် ICE မူးယစ်ဆေး ကျပ် ၃၄ ဘီလီယံကျော်ဖိုး ဖမ်းမိ
ပင်လယ်ဖြတ်၍ မူးယစ်ဆေး ပို့ဆောင်ခိုင်းသူ မမိသေး