၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ လုပ်မှားကိုင်မှား ဆောင်ရွက်ချက် များအပေါ် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက တာဝန်ခံရမည်ဟု ဖော်ပြလာသော တပ်မတော်၏ ထုတ်ပြန်ချက်မှာ မြန်မာ့နိုင်ငံရေး အတွက် စိုးရိမ်စရာကောင်းကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို တပ်မတော်က နိုဝင်ဘာ ၂ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာ၌ လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲတရပ် ဖြစ်စေရန် UEC တွင် တာဝန်ရှိသလို ပြည်ထောင်စု အစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း
ယခု UEC သည် စည်းစနစ်ကျသော ရွေးကောက်ပွဲတခု ကျင်းပနိုင်ရန် လုံလောက်သည့် အချိန် များစွာ ရရှိခဲ့သော်လည်း အားနည်းချက်များစွာ ရှိခဲ့ကြောင်း ပါရှိသည်။
ထို့အတွက် “၎င်းအားနည်းချက်နှင့် ဖြစ်စဉ်ဖြစ်ရပ်များသည် ရွေးကောက်ပွဲ ပုံရိပ်ကို ကြီးမားစွာ ထိခိုက်စေနိုင်ပါသည်”ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၏ ရိုးသားစွာ မှားယွင်းမှုနှင့် ရည်ရွယ်ချက်ရှိသော မှားယွင်းမှု အားလုံးကို အစိုးရ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကြီးကြပ်ရန် တာဝန်ရှိမည် ဖြစ်ကြောင်း၊ အစိုးရ တရပ်၏ တာဝန်ကျေပွန်မှု ကို နောက်ဆုံး ရွေးကောက်ပွဲကာလအထိ မှတ်ကျောက်တင်ခံရမည်မှာ နိုင်ငံရေး ဖြစ်စဉ်တရပ်ပင် ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ထိုသို့ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို ထွက်ပေါ်လာသည့် တပ်မတော်၏ သတိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံရေး အသိုင်းအဝိုင်းသာမက ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းတွင်ပါ စိုးရိမ်မှုများ မေးခွန်းထုတ်မှုများ ဖြစ်လာ ခဲ့သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ယခုလို စစ်တပ်၏ သဘော ထား ထုတ်ပြန်ချက်က ရွေးကောက်ပွဲတွင် မည်သည့် နိုင်ငံရေး အင်အားစုကို တပ်မတော်က ထောက်ခံနေသည်ကို ဖော်ပြ လိုက်ခြင်း ဖြစ်ပြီး ယခုလို ပြောဆိုထုတ်ပြန်ခြင်းကို သဘောမကျကြောင်း ဆိုသည်။
“တပ်ဟာ အမျိုးသားနိုင်ငံရေး ခေါင်းဆောင်မှုအခန်းမှာ ပါဝင်ရမယ်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သူ့ကိုပေး တာ။ တကယ်တမ်း လက်တွေ့က ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ဝေခံဖြစ်ပြီးတော့ နောက်မြီးဆွဲအဖြစ် လိုက်လံထောက်ခံနေတာ တွေ့ရတဲ့အတွက် ကျနော်တို့ စိတ်မကောင်းဘူး”ဟု၎င်းကဆိုသည်။
သို့သော် တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မူ တပ်က အာဏာပြန်လိုချင်သည့် သဘော မဟုတ်ဘဲ တပ်မတော် အနေဖြင့် လက်ရှိ တိုင်းပြည်တွင် အာဏာရှိသည့် အဖွဲ့ ဖြစ်၍ အာဏာ ပြန်သိမ်းရန်လည်း မလိုကြောင်း၊ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းနှင့် ဝန်ကြီး ဌာန ၃ ခုကို ချုပ်ကိုင်ထားခြင်းတို့ကြောင်း အာဏာ ပြန်ယူရန် မလိုကြောင်း ဦးသန်းစိုးနိုင်က သုံး သပ်သည်။
“သူတို့ အချိန်မရွေး လွှတ်တော် ဖျက်သိမ်းလို့ ရပါတယ်။ အချိန်မရွေး သူတို့အနေနဲ့ အစိုးရအဖွဲ့ ပြောင်းလဲဖို့ တောင်းဆိုလို့ ရပါတယ်။ ဒါပေမယ့် NLD အစိုးရက အမျိုးသား ပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ တလျှောက်လုံး တပ်မတော်ရဲ့ နိုင်ငံ ရေးအခန်းကို မထိပါးဖို့အတွက် ပြည်တွင်းမှာရော နိုင်ငံတကာမှာရော ကာကွယ် ရပ်တည်နေတာ တလျှောက်လုံး တွေ့နေ ရတာပဲ”ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဖွဲ့စည်းခဲ့သည့် ရွေး ကောက်ပွဲ ကော်မရှင်(UEC) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးတင်အေး ဦးဆောင်သည့် ကော်မရှင်နီးပါး အလုပ်လုပ် နိုင်ပါက တပ်မတော်အနေဖြင့် ကျေနပ်မည်ဖြစ်သော်လည်း လက်တွေ့တွင်မူ အာဏာရ NLD ပါတီ၏ သြဇာမကင်းသည့် အရိပ်အငွေ့ အထောက်အထားများ တွေ့နေရကြောင်း ပြောသည်။
“ဒါက ကျနော် ထင်မြင်ချက်ပါ။ ကျနော်ခန့်မှန်းတာကတော့ ရွေးကောက်ပွဲပြီးတဲ့အထိတော့ စောင့်လိမ့်မယ်ထင်တယ်။ NLD တပါတီတည်း နိုင်ပြီးတော့ တချို့ နေရာတွေမှာက ပြောစရာတွေ ဖြစ်တယ်။ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်။ မတရားပြုကျင့်မှုတွေ ရှိတယ်ဆိုရင် ဆူဆူပူပူ ဖြစ်လာမယ်ဆိုရင် စိုးရိမ်ရတာပေါ့”ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။
လက်ရှိအခြေအနေတွင် တပ်မတော်၏ ရပ်တည်မှုအရ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် ၎င်းတပါတီတည်း အစိုးရ မဖွဲ့နိုင်ပါက အခြေအနေမှာ အေးဆေးစွာ အပြီးသတ်သွားနိုင်သော်လည်း ထိုသို့ မဟုတ်ပါက အခြေအနေများ သည် အဆိုးဘက်သို့ ရောက်သွားမည်ကို စိတ်ပူကြောင်းက သူက ဆက်ပြောသည်။
ရွေးကောက်ပွဲ မကျင်းပနိုင်သော မဲဆန္ဒ နယ်မြေများနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က တပ်မတော်၏ လုံခြုံရေး အကြံပြုချက်များကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သမ္မတရုံးက ရှင်းလင်းပြောဆိုမှု ပြုလုပ်ပြီးနောက် တပ်မတော်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သလို ယင်းပြောဆိုချက်နှင့် ပတ်သက်၍ တပ်မတော် ဘက်က အစိုးရအနေဖြင့် ၎င်းတို့ အကြံပြုချက်အားလုံးကို ရယူခဲ့ခြင်း မရှိဟု တုန့်ပြန်ခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက တပ်မတော်သည် အစိုးရလက်အောက်တွင် ရှိရမည့် အဖွဲ့အစည်းတခု ဖြစ်၍ UEC အပေါ်တွင် ယခုလို ဝေဖန်သည်မှာ ဘေးထိုင် အပြစ်ပြော နေသလို ဖြစ်နေကြောင်း ဆိုသည်။
ဦးစိုင်းထွန်းအေးက“သူတို့ပြောတာက ကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပေမယ့် သမ္မတ ဖွဲ့စည်းထားပေး တယ် ဆိုတာကတော့ အခြေခံဥပဒေက ပေးထားတဲ့အတိုင်းပဲလေ။ အဲဒီ အခြေခံ ဥပဒေက တပ်မတော်က ရေးဆွဲတာလေ။ ကိုယ်ဆွဲခဲ့တာကို ကိုယ်ပြန်ပြောသလို ဖြစ်နေတယ်”ဟု ပြောသည်။
၎င်းကဆက်၍ “အခုကလည်း နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်တယ်လို့ပဲ ယူဆရမှာ။ တပ်မတော်က စစ်ဘက်ဆိုင်ရာ ကိုပဲ လွတ်လပ်စွာ ဆောင်ရွက်ရမှာလေ။ ဒီနိုင်ငံမှာ မဏ္ဍိုင်တရပ်အနေနဲ့ ဝင်ဝင်ပြောနေတာ ဆိုတော့ နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်နေတဲ့ သဘောမျိုးလို့ ယူဆလို့ ရတာပေါ့”ဟု ပြောသည်။
ထို့ပြင် ယခု UEC သည် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် လက်ရှိ အာဏာရ NLD ပါတီဘက်သို့ လိုက်၍ ဆုံးဖြတ်ခဲ့သည်ဆိုသော ဝေဖန်မှုများလည်း ခံခဲ့ရဖူးသည်။
အာဏာရ NLD ပါတီမှ မုံရွာအောင်ရှင်ကမူ “သူ(တပ်မတော်) ထောက်ပြတာမှာ တချို့ထောက်ပြတဲ့ အချက်တွေလည်း ပြန်ပြီး စဉ်းစားစရာတွေ ကောင်းတာတွေ ရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်ရှိသလိုပဲ အစိုးရရဲ့ အားနည်းချက်ကို ထောက်ပြရမယ်ဆိုတာလည်း ဒါလည်း အမှန်ပါပဲ”ဟု ပြောသည်။
သို့သော် ရွေးကောက်ပွဲသည် တနိုင်ငံလုံး အတိုင်းအတာနှင့် လုပ်ရသည့် ကိစ္စဖြစ်၍ အစိုးရတွင် တာဝန်ရှိသလို ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ ပြည်သူများတွင်ပါ တာဝန်ရှိကြောင်း ဆိုသည်။
“သူ့မှာ ဒီလို ထောက်ပြနိုင်တဲ့ အခွင့်အလမ်းကတော့ သူ့မှာ ရှိပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်”ဟု NLD ပါတီ၏ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
အခု ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ရှိ သံတမန် အသိုင်းအဝိုင်းမှာလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိ ရွေးကောက်ပွဲ မတိုင်မီ အခြေအနေများအပေါ် စိုးရိမ်သည့် နိုင်ငံများထဲတွင် မြန်မာနှင့် အဓိက ဆက်ဆံနေရသည့် အာရှ နိုင်ငံများနှင့် အနောက်နိုင်ငံများလည်း ပါဝင်သည်။
ယခုလို အစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို တပ်မတော်က မေးခွန်းထုတ်သည့်အပေါ် စိုးရိမ်မိကြောင်း ရန်ကုန်မြို့ အခြေစိုက် အနောက်နိုင်ငံမှ သံတမန်တဦးကလည်း ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင် (UEC) အပေါ်တွင် မေးခွန်းထုတ်စရာများ၊ စိုးရိမ်မှုများ ရှိနေသော်လည်း ယခု တပ်မတော်၏ ထုတ်ပြန်သည့် သဘောထားနှင့် မတူကြောင်း ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
“UEC ကို ထောက်ပြရမယ်ဆိုတဲ့အရာတွေက ရွေးကောက်ပွဲဝင်တဲ့ အဖွဲ့အစည်းတွေ ရွေးကောက်ပွဲဝင်တဲ့ ပါတီ ကိုယ်စား လှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ကျမတို့ကပဲ ဒီစိုးရိမ်မှုကို ထုတ်လို့ ရှိရင် ဒီမိုကရေစီနဲ့ ညီပါလိမ့်မယ်လို့ ယူဆတယ်။ ကျန်တာတော့ ဘာသဘောထား မှတ်ချက်မှ မပေးချင်ဘူး”ဟု ဒေါ်ထုမေက ပြောသည်။
ယခု ထုတ်ပြန်ချက်က တပ်မတော်အနေဖြင့် အာဏာသိမ်းရန်အထိ လုပ်မည့် ခြေလှမ်းမျိုး မဟုတ်ဘဲ ရွေးကောက်ပွဲ ကော် မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အားနည်းချက်များကို ထောက်ပြသည်ဟု မြင်ကြောင်း၊ သို့သော် ဥပဒေ ကြောင်းအရ မေးခွန်းထုတ်ရမည်မှာ တပ်မတော်တွင် ယခုလို ပြောပိုင်ခွင့် ရှိ၊ မရှိပင် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“စိုးရိမ်စရာ ရှိတာက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ အဓိက အစုအဖွဲ့တွေကြားမှာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြီးတော့ ယုံကြည်မှု နားလည်မှု တည်ဆောက်မှု အပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်။ အဲလို အား နည်းချက်တွေက လာမယ့် ၂၀၂၀ အလွန်မှာ အဖုအထစ်တွေများ ဖြစ်လာမလားဆိုပြီး စိုးရိမ်စရာ ရှိတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်၏ သဘောထား ထုတ်ပြန်ချက်အပေါ် အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီက တပ်မတော် သတင်းမှန် ပြန်ကြား ရေး အဖွဲ့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
You may also like these stories:
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ နိုင်မလဲ
NLD မဲနိုင်အောင် ဝိုင်းဝန်းဖို့ အနုပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
“အရည်အချင်းရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကြိုးစားပေးမယ်”