စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပါတီဝင်များနှင့် ပါတီ ထောက်ခံသူ ၂၁ ဦးကို အမှုဖွင့်ထားသည်ဟု သတင်း ရရှိသည်။
အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း က “ပြည်ခိုင်ဖြိုးက ပေးတဲ့ စတစ်လေးတွေကို သူတို့ မှာရှိတဲ့ ဘောက်စ်နဲ့ ဖွင့်တာ။ ကိုယ့်ဘာသာ နားထောင်ရုံ မဖွင့်ဘဲ အကျယ်ကြီးနဲ့ လူအများကြားအောင် ဖွင့်တော့ မခံမရပ် နိုင်တဲ့ တောသူတောင်သားတွေက တိုင်ကြတာပေါ့။ အဲဒါကြောင့်မို့ ထွေအုပ်က တရားလို လုပ်ပြီး တရားစွဲတာပါ” ဟု ဧရာ ဝတီသို့ ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ် ဥက္ကဋ္ဌ ဒေါက်တာ စန်းဝင်းက ၎င်းတို့ ပါတီအနေဖြင့် အသံဖိုင် ပါသည့် စတစ်များ ပြည်သူများကို ပေးထားခြင်း မရှိပါဟု ငြင်းဆိုထားသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းအရာတွေ၊ နိုင်ငံတော် အစိုးရတင်ထားတဲ့ အကြောင်းအရာတွေကို လိုင်း တွေကနေ တွေ့ပြီး ဖွင့်ကြတာတဲ့။ ဖွင့်တာတွေက ဘာတွေ ဘယ်လိုကြောင့် တရားစွဲလဲဆိုတာ မသိရသေးဘူး” ဟု ဆို သည်။
စွပ်စွဲခံထားရသူများက နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြည်ညို ပျက်စေရန် ပုတ်ခတ်မှုများကြောင့် မင်းကင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်က တရားလို ပြုလုပ်ကာ အောက် တိုဘာ ၁၂ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်ရဲစခန်းက သိရသည်။
ဒေါက်တာ စန်းဝင်းက “သတင်းပေးတာက ကျေးရွာ NLD က သတင်းပေးတာ။ တရားစွဲခံရတဲ့သူတွေ ကျေးရွာ အသီးသီး က ပြည်ခိုင်ဖြိုးတွေပေါ့။ အဲဒီလိုဖြစ်ပါတယ်ဆိုပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စီမံကော်မတီကို တင်တဲ့အခါမှာ ဒုမြို့ နယ် အုပ်ချုပ်ရေးမှူး ကိုဇင်ထက်အောင်က တရားလို လုပ်ပြီး တရားစွဲတာ” ဟု ရှင်းပြသည်။
အမှုဖွင့် ခံထားရသူများက အစိုးရအဖွဲ့၊ နိုင်ငံတော် အတိုင်ပင်ခံတို့နှင့် ပတ်သက်သည့် သတင်းအမှားများ၊ ၎င်းတို့အား အကြည်ညိုပျက်စေသည့် စာသားများပါသော ဟောပြောချက်များအား ကျေးရွာများအတွင်း အသံချဲ့စက်များဖြင့် ဖွင့်ခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခြင်းကြောင့် ဒေသခံများက တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။
တိုင်ကြားလာသူများမှာ မင်းကင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဥပဒေ အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်နှင့် အဖွဲ့ဝင် ဦးဉာဏ်မြင့်၊ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းတို့ ဖြစ်သည်ဟု သိရသည်။
ဥပဒေ အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က “သတင်းအမှားတွေ၊ ပြည်သူတွေ ငြိုငြင်အောင် မလိုမုန်း ထားတာမျိုး ပြောတဲ့ အသံဖိုင်တွေ လွှင့်တာပေါ့။ ပါးစပ်က ထွက်ဖို့ခက်တဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေနဲ့ ပြောတာ။ အဲဒီလို စကားရပ်တွေ သုံးနှုန်းထားတာ။ ဥပမာ ကြားရသူစိတ်ထဲမှာ ဒီအစိုးရ အတော့်ကို ဆိုးဆိုးဝါးဝါး အခြေအနေ ရောက်နေပြီလို့ ခံစားရလောက်တဲ့ အထိ စကားလုံး အသုံးအနှုန်းတွေ ပြောတာ” ဟု ပြောသည်။
မင်းကင်းမြို့နယ်ရှိ ဒေသခံ ကိုထက်အောင် ကတော့ ယခု စွပ်စွဲ ဖမ်းဆီးခံထားရသူများထဲတွင် အမှန်တကယ် အကြည်ညို ပျက်စေရန် ရည်ရွယ် လုပ်ဆောင်သူများ ရှိသလို တချို့က ပုဂ္ဂိုလ်ရေး၊ လူမူရေး၊ စီးပွားရေးစသည့် မလိုမုန်းထားမှုများ ကြောင့် တိုင်တန်းကြခြင်း ဖြစ်သည်ဟု ၎င်းအမြင်ကို ပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်ခဲ့သည့် စက်တင်ဘာ ၈ ရက်မှ စပြီး နိုင်ငံတော်အစိုးရနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ညစ်ညမ်းစွာပြောဆိုထားသည့် အသံဖိုင်များအား အသံချဲ့စက်များဖြင့် ဖွင့်ခြင်း၊ ကျေးရွာအတွင်း လှည့်လည်ခြင်း ပြုလုပ် သူများကို သက်သေ မှတ်တမ်းများနှင့်တကွ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် တိုင်ကြားထားသည့် အမှုပေါင်း ၁၂ မှု ရှိပြီး စွပ်စွဲ အရေးယူခံထားရသူ ၂၁ ဦး ရှိသည့်အနက် ၁၈ ဦးကို မင်း ကင်း မြို့နယ်ရဲစခန်းတွင် အချုပ်ချထားသည်ဟု မင်းကင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဇော်ဝင်းကျော်က ဆိုသည်။
စွပ်စွဲအရေးယူခံထားရသူများ စားသောက်နေထိုင်ရေး အခက်အခဲရှိပါက ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တတ်နိုင်သည့် ဘက်မှ ကူညီပေးနေပြီး အကူအညီရှိပါကလည်း တောင်းခံနိုင်သည်ဟု ဒေါက်တာ စန်းဝင်းက ဆိုသည်။
ထိုအမှု၏ ပထမဆုံး ရုံးချိန်းကို အောက်တိုဘာ၂၆ ရက်က ဗီဒီယိုကွန်ဖရန့်ဖြင့် ပြုလုပ်ခဲ့ပြီး နောက်ရုံးချိန်းကို နိုဝင်ဘာ ၉ ရက်သို့ ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက စစ်ကိုင်းတိုင်းရှိ နေရာအနှံ့အပြားတွင် အများဆုံး နိုင်ခဲ့သော်လည်း မင်းကင်းမြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ရခဲ့ခြင်း မရှိခဲ့ပါ။
မင်းကင်းမြို့နယ်တွင် USDP ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာများ ရရှိပိုင်ဆိုင်ထားသည်။
USDP ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ဝန်ကြီးဟောင်းတဦးဖြစ်သလို တပ်မတော်မှ အငြိမ်းစား ယူထားသူလည်း ဖြစ်ပြီး ၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း လက်ရှိ အနိုင်ရထားသူ ဖြစ်သည်။
ဆန္ဒမဲပေးနိုင်သူ ၈ သောင်းကျော် ရှိသည့် မင်းကင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၄ ခု ရှိပြီး NLD၊ USDP၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) တို့ဖြစ်သည်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က NLD ပါတီမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာ ကျော်လင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်ဟု သိရသည်။
You may also like these stories:
USDP ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရ
ပြိုင်ဆိုင်မှု ပြင်းတဲ့ စစ်ကိုင်းတိုင်းသားတို့ ရွေးကောက်ပွဲ၊ ဘယ်သူတွေကို ရွေးချယ်မလဲ