သတင်း

တောင်ကြီးမြို့ မှ ပေါက်ကွဲမှု ထွက်ပေါ်ရာ နေရာ ဒရုန်းသုံး ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ နိုဝင်ဘာလ၂ ရက် ညပိုင်းက ထွက်ပေါ်လာသော ပေါက်ကွဲသံသည် မည်သည့်နေရာတွင် ဖြစ်ပွားသောကြောင့် ပေါ်ထွက်လာသည်ကို အတည်မပြုနိုင်သေးဘဲ ဒရုန်းသုံးကာ စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

“စစ်တပ်ရယ်၊ ရဲရယ်၊ မီးသတ်ရယ် အဲဒါကို စုံစမ်း ဖော်ထုတ်နေတယ်။ ရှာနေတုန်းပဲ။ ဒီနေ့ နေ့ခင်းမှာ သတင်းညှိနှိုင်း အရေးပေါ် အစည်းအဝေး ခေါ်တယ်။ ခေါ်ပြီးတော့ ဒရုန်းနဲ့တော့ လိုက်ရှာနေတုန်းပဲ။ ဘယ်နေရာမှာ ပေါက်ကွဲတယ် ဆို တာကို မသိသေးတာ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဦးစိုးညွန့်လွင်သည် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးလည်း ဖြစ်ပြီး ပေါက်ကွဲသံ နှစ်ချက်ကို ည ၇ နာရီ ဝန်းကျင်တွင် ကြားလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ကျနော်ကိုယ်တိုင် ထမင်းစားနေတဲ့ အချိန်ကြားရတာ။ အသံ၂ ချက်ပေါ့။ တော်တော် အသံကျယ်တယ်။ တုန်တောင် သွားတယ်” ဟု ဦးစိုးညွန့်လွင်က ပြောသည်။

တောင်ကြီးမြို့တွင် နေထိုင်သည့် ဒေသခံများ၏ ပြောပြချက်များအရ ပေါက်ကွဲသံသည် တောင်ကြီးမြို့အရှေ့ဘက်တောင် ကြောဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့ မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ကိုညီရှားက လည်း ပေါက်ကွဲသံသည် သီတင်းကျွတ်ကာလ မီးရှုးမီးပန်းဖောက်သည့် အသံကဲ့သို့ မဟုတ်ဘဲ ထိုထက် အဆများစွာ ပိုမို ကျယ်လောင်ကြောင်း ပြောသည်။

“ဒေသခံတွေ ပထမ ထင်တာက မီးပုံးပျံရာသီ ဆိုတော့ ဒါက မီးပုံးပျံလားပေါ့။ ဒါပေမယ့် ဒီနှစ်က မီးပုံးပျံပွဲလည်း မလုပ်ဘူး ဆိုတော့ တခုခုပဲပေါ့။ ပေါက်ကွဲတဲ့ အသံကတော့ တော်တော် ကျယ်တယ်။ ကျနော်တို့လည်း ဘာဖြစ်တာလဲဆိုတာကို သိချင်နေကြတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပေါက်ကွဲသံသည် ကျောက်မိုင်းခွဲရာမှ ထွက်ပေါ်လာသော ပေါက်ကွဲသံဖြစ်သည်ဆိုသည့် ပြောဆိုချက်များ တောင်ကြီးမြို့၌ ရှိနေသော်လည်း အဆိုပါ ပြောဆိုချက် မှန်ကန်မှု ရှိ မရှိကို အစိုးရဘက်က တရားဝင် အတည်မပြုပေ။

တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူရုံးကမူ ယမန်နေ့ညက ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိရပါက သတင်း ထုတ်ပြန်ပေးသွားမည်ဟု ပြောဆိုထားသည်။

You may also like these stories:

တမူးမြို့မှ အိန္ဒိယနိုင်ငံဘက်သို့ တရားမဝင် သွားလာမှုဖြင့် အရေးယူထားသူ ၁၇ ဦးထိ ရှိလာ

မင်းကင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့် ဝန်းရံသူ ၂၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ

Did you find apk for android? You can find new Free Android Games and apps.
Loading