အမျိုးသားရေးလှုပ်ရှားသူ ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ)(ခ) ဦးဝင်းခိုင်ဦးအား လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ အပြီး ၁၇ ရက်နေ့မှသာ ရုံးထုတ်စစ်ဆေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ယနေ့ချိန်းဆိုလိုက်သည်။
နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူသည် ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ တနှစ် ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးတွင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ယနေ့တွင်လည်း ဦးဝီရသူအား တရားရုံးသို့ ရုံးထုတ်လာခြင်းမရှိဘဲ ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့်သာ ချုပ်ရီမန်ပေးခဲ့ခြင်း ဖြစ်ပြီး အင်းစိန်ထောင်အချုပ်တွင် ထိန်းသိမ်းထားရန် ပို့ဆောင်လိုက်ကြောင်း တရားရုံးထံက သိရသည်။
အနောက်ပိုင်းခရိုင်တရာရုံး၊ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက “သူ (ဦးဝီရသူ အမှု) က အစကပြန်စစ်ရမှာ၊ နဂိုစစ်ဆေးပြီးသားဟာတွေက ရာဇဝတ်အထွေထွေမှုမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်၊ အခု ကတော့ တရားလိုနဲ့ လိုပြသက်သေများကို ပြန်စစ်မှာဖြစ်ပါတယ်။ တရားလိုဘက် သက်သေခံချက် အရင်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးဝီရသူအနေဖြင့် နိုင်ငံတော်အကြီးအကဲများအား ပုတ်ခတ်ဟောပြောသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလအတွင်းက တရားစွဲခံရခြင်းဖြစ်ပြီး ၎င်းမှ တိမ်းရှောင်နေသည့်အတွက် မျက်ကွယ်စစ်ဆေးမှုအနေဖြင့် တရားလိုနှင့် တရား လိုပြ သက်သေ ၉ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် တိမ်းရှောင်နေစဉ် လက်ခံထားသူများနှင့် ပတ်သက်၍ အရေးယူမှုရှိ၊ မရှိ မေးမြန်းမှုအား လတ်တလော တရားရုံး ဆောင်ရွက်ချက်များမရှိသေးသည့်အတွက် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်းလည်း တရားရုံးထံက သိရသည်။
ယမန်နေ့ကလည်း ရဲစခန်း၌ အဖမ်းမခံသေးခင် အချိန်တွင် ဦးဝီရသူအနေဖြင့် နိုင်ငံတော်သံဃမဟာနာယက(မဟန) ဆရာတော်ကြီးများထံ သွားရောက်ကာ တွေ့ဆုံခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း လက်ခံတွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။
ဦးဝီရသူနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကြေညာချက်တစောင်အား ထုတ်ပြန် ခဲ့ပြီး ၎င်းအမှုကိစ္စများအား တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းပြီးမှသာ ဓမ္မစက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။
အမှုရင်ဆိုင်ခြင်းမရှိဘဲ ၁ နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် ဦးဝီရသူအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်တွင် ပြန်လည်ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ ပြည်သူများအကြား မေးခွန်း ထုတ်လျှက် ရှိပြီး ဘာသာရေးလှုံ့ဆော်မှုများ ရှိလာမည်ကိုလည်း စိုးရိမ်လျှက်ရှိကြသည်ကို တွေ့ရသည်။
ယနေ့တရားရုံးချုပ်ရီမန်ယူရန် စီစဉ်ထားသည့် အနောက်ပိုင်းခရိုင်တရားရုံးရှေ့တွင်လည်း ၎င်းအား ထောက်ခံသည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်အချို့တို့က လာရောက်ကာ “We Love Wirathu”၊ “ ဆရာတော် ဦးဝီရသူအား ၁၂၄(က) ပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် အရပ်သားအာဏာရှင်အစိုးရ၏ မတရားမှုဖြစ်သည်” ဟူသည့် စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဦးဝီရသူကိုယ်တိုင်ကလည်း ၎င်း၏ဟောပြောချက်များတွင် ပုဒ်မ ၁၂၄(က)ဖြင့် စွဲဆိုလောက်သည်အထိ ငြိစွန်း ချက်များ မပါရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “အစီအစဉ်ရှိရှိနဲ့ အကွက်ကျကျလုပ်တာပေါ့လေ၊ သေနေတဲ့ကျားကို အသက်သွင်းတာပေါ့၊ သူထောက်ခံတဲ့ (ယခင်) မဘသ နဲ့ ပတ်သက်တဲ့ပါတီတွေကို အင်အားကောင်းအောင်လို့ ကိုယ်ယောင်ထွက်ပြတာပေါ့ဗျာ။ သူ့ကို အကြောင်းပြပြီး တော့ ကျန်တဲ့သူတွေက ထောက်ခံပွဲတွေလုပ်၊ လုပ်တဲ့အခါမှာ ပြန်နိုးကြားလာပြီးတော့ နိုးဆွသလို ဖြစ်စေပြီးတော့ မဲပို ရလာနိုင်တယ်လို့ ယုံကြည်ချက်နဲ့ လုပ်တယ်လို့တော့ နိုင်ငံရေးအရ မှတ်ယူနိုင်တာပေါ့” ဟု သုံးသပ်သည်။
ယင်းအပြင် လူပုဂ္ဂိုလ်အချို့မှလည်း မန္တလေးမြို့တွင် ရွေးကောက်ပွဲအား ရည်ရွယ်သည့် အမျိုးသားရေး လှုပ်ရှားမှု အနေဖြင့် “ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်” ဟူသည့် စတစ်ကာ လက်ကမ်းစာစောင်များ ယနေ့ ဝေငှ ခဲ့ ကြသည်။
ဥပဒေအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့် ကလည်း “မနေ့ကအထိ မှတ်ချက်ပေးဖို့ နည်းနည်းခဲယဉ်းတယ်ဆိုပေမယ့် ဒီနေ့မနက် မန္တလေးမှာဖြစ်တဲ့ ဖြစ်စဉ်တွေပေါ့နော်၊ ဒါတွေ နဲ့ ပတ်သက်ပြီး ဆက်နွယ်စဉ်းစားလိုက်တဲ့ အခါကျတော့ ယခုလက်ရှိကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာ တစုံတရာ ဖိအားပေးဖို့ ရည်ရွယ်ချက်ကတော့ တိတိကျကျပါတယ်လို့ ခုတော့ သုံးသပ်လို့ရပြီပေါ့။ ယခင်က မဘသနဲ့ မျိုးချစ် လှုပ်ရှား မှုတွေ သွေးအေးနေတာကို ပြန်ပြီးလှုံ့ဆွပေးဖို့ ရည်ရွယ်ချက်ကတော့ မလွဲမသွေ ပါတယ်ဆိုတာလေးတော့ သုံးသပ်လို့ ရပါတယ်” ဟု သုံးသပ်သည်။
အမျိုးဘာသာ၊ သာသနာစောင့်ရှောက်သူကိုသာ မဲပေးရန် လှုံ့ဆော်မှုနှင့် ပတ်သက်၍လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပြီး ၎င်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူ ၆ ချက်တွင် “အမျိုးဘာသာ၊ သာသနာကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူ” ကိုသာ ရွေးချယ်ရန် တိုက်တွန်းထားသည်။
တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ တွင် “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံ သားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်” ဟု ပြဌာန်းထားပြီး ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟုလည်း ပြဌာန်းထားသည်။
ယင်းအပြင် ပုဒ်မ ၃၆၃ တွင် “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်”ဟုလည်း အတိအကျ ပြဌာန်းထားသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ ၂၀၂၀ ရွေးကောက်ပွဲလေး တခုတည်းအတွက်ကိုပဲ ကွက်ပြီးတော့ တစုံတရာ အထောက်အပံ့ဖြစ်စေလိုသော စေတနာနဲ့ အမျိုးဘာသာ၊ သာသနာဆိုတာကို ရပ်တည်ပြီးတော့ ဟောပြောမယ်၊ စည်းရုံးမယ်၊ လှုံ့ဆော်မယ် ဆိုရင်တော့ ဒါသည် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတယ်လို့ပဲ ဥပဒေအမြင်အရ တိတိကျကျ သုံးသပ်ရမှာပဲဖြစ်ပါတယ်” ဟု ရှင်းပြသည်။
You may also like these stories:
တိမ်းရှောင်နေတဲ့ ဦးဝီရသူ ပြန်လာ အဖမ်းခံ
ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ
ဦးဝီရသူပိုင် ဘဏ်ငွေစာရင်း ၂ ခုအား ချိတ်ပိတ်