ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုအတွင်း အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်နေ့က အသက် ၆၀ ကျော်အရွယ်များ ကြိုတင်မဲများ ထည့်ကြရာ မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော်နေရာတွင် တခြားမဲဆန္ဒနယ် များမှ မဲလက်မှတ်များ ဖြစ်နေပြီး မဲလက်မှတ် ၄၀၀ နီးပါး မှားယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ကောက်ယူရန် စီစဉ်နေ ကြောင်း သတင်း ရရှိသည်။
ထိုသို့ မဲလက်မှတ်များ မှားယွင်းမှု ဖြစ်ပွားခဲ့သည့်အတွက် အောက်တိုဘာလ ၃၁ ရက် နေ့တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ အပါအဝင် ရွေးကောက်ပွဲ ညှိနှိုင်းရေး ကော်မတီ များနှင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေးပွဲ တခုပြုလုပ်ခဲ့ပြီး မှားယွင်းခဲ့သည့် အတွက် မဲဆန္ဒပြန်လည် ကောက်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ခရိုင်ရွေးကော်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်သိန်းက “အဲဒီ အုပ်စုမှာ မဲလက်မှတ်တွေက မှားတာလည်း ပါတယ်။ မှန်တာ လည်း ပါတယ်။ ရောသွားတာပေါ့။ အဲဒီမဲလက်မှတ်တွေ မှားတဲ့ အတွက် မြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ရယ်။ ပါတီ အသီးသီးက ကိုယ်စားလှယ်လောင်းတွေ အားလုံးတွေ့ဆုံပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။ မဲ လက်မှတ် မှားတဲ့အတွက် ပယ်မဲလုပ်မယ်ဆိုရင် ကိုယ်စားလှယ်တွေအားလုံး နစ်နာမယ်။ အဲဒီအတွက်ကြောင့် မဲနောက်တကြိမ် ပြန်လည် ကောက်ယူမယ်ဆိုပြီး ဆွေးနွေးကြတဲ့အခါ အားလုံး သဘောတူကြတယ်။ NLD ပါတီက ဦးစိုးလေး ၁ ယောက်ပဲ သဘောမတူဘူး။ ကန့်ကွက်တာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းမဲဆန္ဒနယ်မှ NLD ပါတီအမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း (ခ) ဦးစိုးလေးက “မှားတာကတော့ အပေါ်စာအိတ်မှာ ရေးထားတာကတော့ မဲဆန္ဒနယ် အမှတ် ၁၁ ဆိုပြီး ပါပေမယ့် အထဲက မဲလက်မှတ်တွေက မှားနေ တယ်။ ကျောက်ဖြူ၊ ကျောက်တော်၊ မြောက်ဦး အဲဒီဘက်က လူတွေ ဖြစ်နေတယ်။ လူတွေက ၂ ရက် ဆက်တိုက် မဲပေး ပြီးမှ မဲလက်မှတ်တွေက တခြားနေရာက ဖြစ်နေတယ်။ မှားတဲ့ အပေါ်လည်း ဘယ်သူမှလည်း တာဝန် မခံကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မဲလက်မှတ်မှားယွင်းမှု ဖြစ်ပွားခဲ့သည့် ကျောက်ကြီးကျေးရွာအုပ်စုအတွင်းမှ ကြိုတင်မဲအများစုမှာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ပါတီ မဲလက်မှတ်များ ဖြစ်နေသည့်အတွက် နောက်ထပ် တကြိမ် ဆန္ဒမဲ ကောက်ယူမည်ဆိုပါက NLD ပါတီ ကိုယ်စားလှယ်လောင်း တဦးအနေဖြင့် အလွန် နစ်နာမှုရှိကြောင်း ဦးစိုးလေးက ရှင်းပြသည်။
၎င်းက “အဲဒီမဲလက်မှတ်တွေက အကုန် ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ ပါတဲ့ တံဆိပ်ကို မဲပေးကြတာ။ အဲဒီမဲတွေက ကျနော်ရမယ့် မဲတွေ၊ မဲလက်မှတ်မှားတဲ့အတွက် မြို့နယ် ကော်မရှင်မှာ အစည်းအဝေးလုပ်တဲ့အခါမှာလည်း ကာယကံရှင် ဖြစ်တဲ့ ကျနော်ကို မဖိတ်ဘဲ ဆုံးဖြတ်တယ်။ အဲဒါကို ကျနော် မကျေနပ်ဘူး။ မဲပြန်ကောက်မယ်ဆိုပြီး ပြောတယ်။ ကျနော်က လူ တယောက် မဲနှစ်ခါ ပေးသလို ဖြစ်မနေဘူးလား ဆိုတော့လည်း တာဝန်မခံဘူး။ သူတို့ ပြောတာကတော့ ကော်မရှင်မှာ လည်း တာဝန်မရှိဘူး။ ရပ်ကျေးကော်မရှင်မှာလည်း တာဝန်မရှိဘူး။ လက်မှတ်ရိုက်တဲ့ စက်မှားတာလို့ ပြောတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း (ခ ) ဦးစိုးလေးအနေဖြင့် ပြည်နယ် ကော်မရှင်နှင့် ပြည်ထောင်စုကော်မရှင်ထံ အောက်တိုဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ဖြစ်စဉ် အပေါ် မှန်မှန်ကန်ကန် စိစစ် ဖြေရှင်းပေးရန် တိုင်ကြားစာများ ပေးပို့ထားကြောင်း ဧရာဝတီသို့ ပြောသည်။
သံတွဲခရိုက်ရွေးကောက်ပွဲကော်မရှင်ကမူ ထိုသို့ ကန့်ကွက်ထားသည့်အတွက် ပြည်နယ် ကော်မရှင်နှင့် ပြည်ထောင်စု ကော်မရှင်၏ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ထိုသို့ မဲလက်မှတ်များ မှားယွင်းသွား သည့်အတွက် ပယ်မဲ လုပ်မည်ဆိုလျှင် ကိုယ်စားလှယ် အားလုံး နစ်နာသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆန္ဒမဲ ပြန်လည်ကောက်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဧရာဝတီ သို့ ပြောသည်။
အဆိုပါ မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှွတ်တော်ကိုယ်စားလှယ် နေရာတွင် သံတွဲ၊ ဂွ စသည့် မြို့နယ် ၂ ခု ပါဝင်ပြီး NLD ပါတီမှ ဦးစိုးဝင်း (ခ) ဦးစိုးလေး၊ ANP ပါတီမှ ဦးတင်ညို၊ ALD ပါတီ မှ ဒေါ်သိင်္ဂီစိုး၊ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်ခင်မူ၊ ရခိုင် ပြည်နယ် အမျိုးသားအင်အားစုပါတီမှ ဒေါ်ခင်နွဲ့ရီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကြည်သူတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁ သိန်း ၇ သောင်း ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ပလက်ဝဒေသ အမြန်ဆုံး အေးချမ်းဖို့၊ အနိုင်ကျင့်တဲ့ဒဏ်က လွတ်ငြိမ်းဖို့ပဲ
မင်းကင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့် ဝန်းရံသူ ၂၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
အစိုးရနှင့် ရွေး/ကော်ကို တပ်မတော်၏ သတိပေးမှု စိုးရိမ်ဖွယ်ရာဖြစ်နေ