ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးရခြင်းနှင့် ရွေးကောက်ပွဲ ကာလတွင်း လူထုများ မဲပေးခွင့် ဆုံးရှုံးခြင်းတို့မှာ NCA ထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက် တစောင်ထုတ်ကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက EAOs များကို ဝေဖန်ပြောဆိုလိုက်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာ၂ ရက် ညပိုင်းတွင် “ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ EAOs အဖွဲ့များနှင့် ပတ်သက်သော သဘောထား ကြေညာချက်” ဟူသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် တစောင်ထုတ်ကာ ထိုထဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှောင့်နှေးရသည်မှာ EAOs အချို့က အင်အားတည်ဆောက်နေခြင်းကြောင့် ဖြစ်ပြီး ရွေးကောက်ပွဲတွင် လူထုက မဲပေးခွင့် ဆုံးရှုံးရသည်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုများကြောင့်ဟု ရေးသားထားခြင်း ဖြစ်သည်။
EAOs ဆိုသည်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။
NCA ရေးထိုးထားသည့် ၁၀ ဖွဲ့အနက် တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားပြီး နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေသည်မှာ အင်အားကြီး လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ဖြစ်သည်။
တပ်မတော်ဘက်မှ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNU ၏ အတွင်းရေးမျူးချုပ် ပဒိုစောတာဒိုမှူးက “အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆက်ဆွေးနွေးရမယ့် အစိတ်အပိုင်းတွေ အများကြီး ရှိတယ်။ ဒါတွေကို မလုပ်ဘဲ တဖက်က တပ်အင်အား တိုးချဲ့တာတွေ ဖြစ်လာတော့ ယုံကြည်မှု ခိုင်ခိုင်မာမာ မရှိသေးဘဲ တန်ပြန်စိုးရိမ်မှုတွေ ဖြစ်လာတော့ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းဆိုတဲ့ပေါ်မှာ မူတည်ပြီး ပြင်ဆင်ခြင်း ဆိုတဲ့ အပိုင်းလေးတွေကို သူပြောချင်တာပဲ ဖြစ်ပါလိမ့်မယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။
တပ်အင်အား တိုးချဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နှောင့်နှေးသည်ဟူသည့် ပြောဆိုချက်ကို လက်မခံနိုင် ကြောင်း ပဒိုစောတာဒိုမှူးက ပြောပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရန် နှောင့်နှေးနေခြင်းက တပ်မတော်နှင့် EAOs များကြား ညှိနှိုင်းမရ ဖြစ်နေသည့် အချက်များ ရှိနေခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။
EAOs ဘက်မှ နိုင်ငံရေး သဘောတူညီမှုများကို ဦးစွာ ဆွေးနွေးရယူလိုပြီး လုံခြုံရေးဆိုင်ရာကဏ္ဍတွင် ပြုပြင်ပြောင်းလဲ လုပ်ဆောင်လိုသော်လည်း တပ်မတော်က EAOs များ လက်နက်ဖြုတ်သိမ်းရေးအတွက်သာ ဦးတည်နေသည်ဟု ပဒိုစောတာဒို မှူးက ဆိုသည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်၂၀၂၀ ပြည့်နှစ်၌ ပြည်သူ့လက်တွင်းသို့ ထာဝရငြိမ်းချမ်းရေးအား အပ်နှံမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုထားသော်လည်း EAOs များဘက်မှ စိတ်ဆန္ဒ ပြင်းပြမှုရှိမှ စစ်မှန်သည့် ငြိမ်းချမ်းရေး ရမည် ဟုလည်း ရေးသားထားသည်။
ပဒိုစောတာဒိုမှူးက “၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူ့လက်ထဲ အပ်မယ်ဆိုတာ တပ်ချုပ်ကြီး ကိုယ်တိုင် ပြောခဲ့ပါတယ်။ ဒါပေမယ့် သူပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့ နားလည်တဲ့ ငြိမ်းချမ်းရေး မဟုတ်နေဘူး။ သူပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့ကို DDR ဆိုတဲ့ လက်နက်ဖြုတ်သိမ်းပြီးတော့ UPC ကို အခြေပြုတဲ့ Decentralization ပုံစံပေါ်မယ့် ဖက်ဒရယ် စနစ် နာမည်ခံ နောက်ထပ် ပုံစံတမျိုးကို သူဖော်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
EAOs များ ရှိနေသဖြင့် တိုင်းပြည် မငြိမ်းမချမ်း ဖြစ်နေရသည် ဟူသည့် ပုံစံဖြင့် တပ်မတော်က ပြောဆိုနေသည်မှာ လုံးဝ မှားယွင်းနေပါသည် ဟုလည်း ပဒိုစောတာဒိုမှူးက ပြောသည်။
ရွေးကောက်ပွဲတွင် လူထုမဲပေးခွင့် ဆုံးရှုံးစေရန် လက်နက်ကိုင် တပ်ဖွဲ့များက နှောင့်ယှက်သည် ဟူသည့် တပ်မတော်ဘက်က ပြောသည့် အချက်ကိုလည်း ပဒိုစောတာဒိုမူးက ရွေးကောက်ပွဲသည် ဒီမိုကရေစီ စနစ်တခု၏ မှတ်တိုင်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို ယုံကြည်သဖြင့် KNU က ရွေးကောက်ပွဲကို နှောင့်ယှက်ရန် လုံးဝ မရှိပါဟု တုံ့ပြန်ပြောဆိုသည်။
ကရင်ပြည်နယ်တွင်း လွတ်လပ်ပြီး တရားမျှတမှု ရှိသည့် ရွေးကောက်ပွဲများ မကျင်းပနိုင်ဟု ဆိုကာ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်သည့် နယ်မြေများ ပါဝင်သည့် မြို့နယ် ၆ ခုမှ ကျေးရွာအုပ်စု ၃၅ စုကို ရွေး ကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC က ကြေညာထားသည်။
UEC အနေဖြင့် KNU ကို တစုံတရာ ဆက်သွယ် ညှိနှိုင်းခြင်းမရှိဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း သတ်မှတ်ပြီး တိုင်းရင်းသား တပ်ဖွဲ့များက နှောင့်ယှက် ဖိအားပေးခြင်းကြောင့်ဟု ပြောဆိုခြင်းကို KNU က လက်မခံနိုင်ပါဟုလည်း ဆိုသည်။
EAOs အဖွဲ့ဝင် ရခိုင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ALP)၏ ဒု ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ နှောင့်နှေး မနေရန် ဆွေးနွေးဘက် အသီးသီးတွင် တာဝန်ရှိပြီး တဖက်တည်း၏ တာဝန်အဖြစ် ပြောဆိုသည်မျိုး မလုပ်ဘဲ နှစ်ဖက် အမြင်မတူ ဖြစ်နေသည့် အချက်များကို ညှိနှိုင်းရန် လိုအပ်နေပါသည် ဟု ပြောသည်။
သြဂုတ်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ပြည်နယ်များအတွက် အနာဂတ်တွင် ကျင့်သုံးမည့် ဥပဒေ၏ အမည်ကို ဆွေးနွေးရာတွင် နှစ်ဖက်ညှိမရခဲ့သည့် အပေါ်တွင်လည်း ဒေါ်စောမြရာဇာလင်းက ပြန်လည် ပြောဆိုသည်။
ဆွေးနွေးပွဲတွင် တပ်မတော်က စတင် သဘောမတူခဲ့ရာမှ အစိုးရနှင့်လည်း ညှိနှိုင်းလိုက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံသည့်ဘက်မှ ပြည်နယ် အခြေခံဥပဒေဟုသာ သုံးရန် ပြောဆိုခဲ့ပြီး EAOs များက ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဟူသည့် အပေါ်တွင်သာ ရပ်တည်ခဲ့ကြသည်။
ထိုသို့ ငြင်းခုံမှုများကြောင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်သည့် အချက်များကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းနိုင်ခြင်း မရှိဘဲ ချန်လှပ်ခဲ့ရသည်။
ဒေါ်စောမြရာဇာလင်း က “EAOs ၊ အစိုးရ၊ တပ်မတော် ဒီ ၃ ဖွဲ့က ကိုယ့်ရဲ့လိုအပ်ချက်၊ ရည်မှန်းချက်တွေကို စားပွဲခုံမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုတယ်။ ကိုယ်ချည်းပဲ ရည်မှန်းထားတာ ပြည့်ရမယ်ဆိုတာ မဟုတ်ဘူး။ သူ့ရည်မှန်းချက်လည်း ပြည့်ရမယ်။ အဲဒီလို ဘုံသဘောထား ရနိုင်တဲ့ အနေအထား တခုခုကို ရောက်အောင် မဆွေးနွေးနိုင်သမျှ ကာလပတ်လုံးကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကတော့ ဝေးနေဦးမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေး နှောင့်နှေးရခြင်းမှာ EAOs အချို့၏ အပြုအမူများကြောင့်ဟု ပြောဆိုသည့်အပြင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင်လည်း လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဖိအားပေးခြင်း၊ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းကြောင့် လူထုက မဲပေးခွင့် ဆုံးရှုံးပြီး နိုင်ငံရေးပါတီများလည်း မဲဆွယ်စည်းရုံးမှုများ မလုပ်နိုင်ဘဲ ဒီမိုကရေစီ အခွင့် အရေးများ ဆုံးရှုံးခဲ့ပါသည်ဟုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ယခင်က မြို့နယ် ၉ ခုတွင်သာ ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း၂၀၂၀ တွင် မြို့နယ် ၁၅ ခုထိ တိုးလာပြီး အခြားမြို့ နယ်များမှ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ နှောင့်ယှက် ဖိအားပေးမှုများကြောင့် ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဆိုထားသည်။
ရွေးကောက်ပွဲ၏ မဲဆွယ်စည်းရုံးရေး ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများရှိသည့် ပြည်နယ် အသီးသီးတွင် တိုင်းရင်းသားပါတီများ၊ ပြည်မမှ ပါတီကြီးများ မဲဆွယ်စည်းရုံးရေးဆင်းရာ ပြဿနာ ကြုံရ ခြင်းများ ရှိသည်မှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ဖြစ်သည်။
မိုင်းကိုင်မြို့နယ်သည် NCA ထိုးထားသည့် EAOs ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) လှုပ်ရှားပြီး ထိုဒေသ တွင် ဝင်ပြိုင်မည့် တအန်းအမျိုးသားပါတီ (TNP) ကို ဝင်ပြိုင်ပါက အသက်အန္တရာယ်ပေးမည် ဟု တကြိမ်၊ မဲလာဆွယ် သည်ကို လက်ခံပါက ရွာသူကြီးများ ဒဏ်ငွေ ၁၀ သိန်းပေးရမည်ဟု တကြိမ် ခြိမ်းခြောက်ပြီး TNP မဲဆွယ်စည်းရုံးရေး မလုပ်နိုင်ရန်လည်း ရွာများအတွင်း မဝင်ရန် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ထိုအခြေအနေများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မိုင်းကိုင်မြို့နယ်၊ တမြို့နယ်လုံးကို ရွေး ကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
တပ်မတော်နှင့် RCSS ကြား အောက်တိုဘာ ပထမပတ်နှင့် ဒုတိယပတ်တွင် စစ်ရေး တင်းမာပြီး တိုက်ပွဲ ဖြစ်ခဲ့သည့် ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုသည်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ချန်လှပ်ခံရသည့် နယ်မြေစာရင်း တွင် ပါဝင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ RCSS က နယ်မြေကျော်လွန်ကာ အင်အားတိုးချဲ့ခြင်းကြောင့်ဟု တပ် မတော်ဘက်က ပြောဆိုထားပြီး RCSS က တပ်မတော်၏ စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း ငြင်းဆိုထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မေးမြန်းရန် RCSS ၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
အောက်တိုဘာ ၁၂ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မဲရုံပစ္စည်းများ လာပို့သည့် အုပ်ချုပ်ရေးမှူးအဖွဲ့ကို RCSS က ပစ်ခတ်သဖြင့် အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှာ ကျည်ထိမှန် ဒဏ်ရာများ ရရှိထားသည်။
အစိုးရ၊ တပ်မတော်နှင့် EAOs ၁၀ ဖွဲ့ အနက် ၈ ဖွဲ့မှာ NCA ထိုးထားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်သော်လည်း မြေပြင်တွင် နှစ်ဖက် တပ်များ၏ တပ်နေရာချထားရေးများကို အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးပါ။
ထို့ကြောင့် RCSS၊ KNU နှင့် တပ်မတော်တို့ကြား ပြန်လည် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် နယ်မြေ အငြင်းပွားမှုများ၊ နှစ်ဖက် ငြင်းခုံမှုများ ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် အငြင်းပွားမှုများကို အပြီးသတ် ဖြေရှင်းနိုင်ခြင်းလည်း မရှိသေးပါ။
၂၀၁၈ ခုနှစ် မတ်တွင် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တပ်မတော်က လမ်းဖောက်လုပ်ခြင်းကြောင့် အငြင်းပွားပြီး တိုက်ပွဲများ ဖြစ်ပြီး ဖာပွန်ခရိုင်တွင် ၂၀၂၀ မေလအထိ နှစ်ဖက် တင်းမာနေသည့် အခြေအနေတွင်သာ ရှိနေဆဲ ဖြစ်သည်။
တပ်မတော်က ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်ခြင်းမှာ ရိက္ခာများ သယ်ယူရန်နှင့် ဒေသခံများ လမ်းပန်းဆက်သွယ် ရေးအတွက် လမ်းဖောက်လုပ်ခြင်း ဖြစ်သည်ဟု ပြောသော်လည်း KNU ၏ စစ်ရေးလက်တံ KNLA ဒု စစ်ဦးစီးချုပ် ဒု ဗိုလ် ချုပ်ကြီး ဘောကျော်ဟဲက ဖာပွန်ခရိုင်အတွင်းမှ ဖြတ်ဝင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ KNU၏ တပ်မဟာ (၅) က ထိန်းချုပ် ထားသည့် နယ်စပ်ဒေသကို ရယူနိုင်ရန် တပ်မတော်က ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
တပ်မတော်နှင့် EAOs တို့ကြား တပ်နေရာချထားရေးများတွင် ပဋိပက္ခများ ရှိနေသည့်အပြင် ၎င်းတို့ တ်ိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည့် သိန်းနှင့်ချီသည့် ကရင်ဒုက္ခသည်များ၊ ရှမ်းဒုက္ခသည်များ နေရပ်ပြန်ရန်လည်း NCA ထိုးထားသည့် ၅ နှစ်ကျော်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ။
You may also like these stories:
မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ
၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား
NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ပြန်သုံးသပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို