ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ဇိုင်ချောင်းကျေးရွာသားများကို တပ်မတော်က နိုဝင်ဘာလ၂ ရက် ညနေပိုင်း ကတည်းက ယနေ့ နိုဝင်ဘာလ ၄ ရက်ထိ ကျေးရွာ စာသင်ကျောင်းတွင် လူစုပြီး ၃ ရက်ကြာ ထိန်းသိမ်း စစ်ဆေးနေ ကြောင်း သတင်း ရရှိသည်။
နိုဝင်ဘာလ ၂ ရက် မနက်ပိုင်းက အဆိုပါ ဇိုင်ချောင်း ကျေးရွာဘက်သို့ အရပ်ဝတ်ဖြင့် လာရောက် တပ်မတော်သား ၅ ဦး အနက်၂ ဦးမှာ AA တပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံခဲ့ရပြီးနောက် တပ်မတော် စစ်ကြောင်းများက ကျေးရွာသားများကို ထိန်းသိမ်း စစ်ဆေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဇိုင်ချောင်း ကျေးရွာသားတဦးက “ဖြစ်တာကတော့ ရွာအစွန်မှာ ဖြစ်ကြတာ။ အရပ်ဝတ်နဲ့ တပ်မတော်သား ၅ ဦး လာတဲ့ အချိန် ကိုဗစ်ကာကွယ်ရေး လုပ်နေတဲ့ လူတွေက တားဆီးပြီးတော့ လက်ဆေးဖို့ ပြောတယ်။ အဲဒီမှာ သူတို့က လက်မ ဆေးဘူး။ သေနတ်တွေကို ထုတ်ပြတယ်လို့ ပြောတယ်။ အဲဒါကို အလှမ်းမကမ်းမှာ ရှိတဲ့ AA အဖွဲ့ မြင်ပြီးတော့ သူတို့ ဖြတ်သွားတာနဲ့ အပြန်အလှန် လုံးထွေး သတ်ပုတ်ကြတယ်လို့ သိရတယ်။ တပ်မတော်သား ၃ ယောက်ကတော့ လွတ် သွားပြီး ၂ ယောက်ကို AA က ဖမ်းခေါ်သွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ ဇိုင်ချောင်း ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းများ ဝင် ရောက်လာပြီး ကျေးရွာသားများကို ထိန်းသိမ်းကာ ယနေ့အထိ ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး ယင်းကျေးရွာအတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်ကို အဆက်အသွယ် မရှိဘဲ ဖြစ်နေကြောင်း ပတ်ဝန်းကျင် ကျေးရွာသားများက ဆိုကြသည်။
ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “အဲဒီနေ့ကတည်းက ရွာသားတချို့ကတော့ ကျောက်ဖြူမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြတာ ရှိတယ်။ ကျန်နေခဲ့တဲ့ သက်ကြီးရွယ်အိုးတွေ၊ ကလေး တွေ အမျိုးသမီးတွေကတော့ ဘယ်လိုဖြစ်နေတယ်ဆိုတာ အဆက်အသွယ် မရဘူး။ အဲဒီ ရွာဘက်ကိုလည်း တယောက်မှ မသွားရဘူး။ ဒေသခံတွေကလည်း သူတို့အတွက် တော်တော် စိုးရိမ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အဆိုပါ လုံခြုံရေး ဆောင်ရွက်ရန် သွား ရောက်သည့် တပ်မတော်သားများထဲမှ ၂ ဦးကို ယင်းကျေးရွာမှ AA အမာခံများက ဝိုင်းဝန်း ဖမ်းဆီးသည့်အတွက် ကျေးရွာ သားများကို စစ်ဆေးနေပြီး ဖမ်းဆီးရမိသည့် ကျေးရွာသား ၃ ဦးကိုလည်း တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ အဲဒီဘက်ကို သွားတာ ရှိတယ်။ တပ်မတော်သားတွေမှန်း ရွာသားသိ တော့ AA အမာခံတွေက ဝိုင်းဝန်း ရိုက်နှက်ပြီး အရာရှိတယောက်နဲ့ တပ်ဖွဲ့ ဝင်တယောက်ကို ဖမ်းဆီးပြီး AA လက်ထဲကို အပ်လိုက်တာ ရှိတယ်။ သူတို့ကို လိုက်ရှာတဲ့ ကင်းလှည့်တဲ့အဖွဲ့ လာတဲ့အခါ အဲဒီမှာ ၃ ယောက်က ထွက်ပြေးတဲ့ အချိန် ပစ်ခတ်လိုက်တာ ရှိတယ်။ အဲဒီမှာ အမျိုးသမီး ၁ ယောက် ကျည်ထိမှန်တယ်။ သေတော့ မသေဘူး” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ကျည်ဆန် ထိမှန်သည့် အမျိုးသမီးကို ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ထားပြီး ဖမ်းဆီးရမိသည့် ၃ ဦးကိုလည်း အမှု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဇိုင်ချောင်းကျေးရွာသား အရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ် အကြောင်းကြား ထားကြောင်းလည်း ဆိုသည်။
ဦးဘရှိန်က “ရွာသားတွေ ဘေးဒုက္ခကြုံတွေ့နေရတယ် ဆိုတာကိုတော့ ပြည်သူ့ ကိုယ်စားလှယ် တဦးအနေနဲ့ နယ်/ လုံ ဝန်ကြီးဆီတော့ အကြောင်းကြားထားတယ်။ ရွာသားတွေကတော့ တခြားရွာကို ရောက်နေတယ်။ တပ်မတော်သားတွေ လည်း မရှိတော့ဘူး။ အဲဒီလိုတော့ သတင်းကြားတယ်။ တိတိကျကျတော့ သတင်းမရသေးဘူး။ ဆက်သွယ်လို့လည်း မရဘူး။ ရွာသားတွေကတော့ တော်တော် ကြောက်နေကြတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လက်ရှိအချိန်တွင် အိမ်ခြေ ၁၀၀ ကျော် ရှိသည့် ဇိုင်ချောင်းကျေးရွာ အပါအဝင် အနီးဝန်းကျင်မှ သိုင်းချောင်းကျေးရွာ၊ ပြားကြွိန်ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်းလည်း သိရသည်။
You may also like these stories:
လူထု မဲပေးခွင့် ဆုံးရှုံးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြောင့်ဟု တပ်မတော်ပြော
ရခိုင်တွင် တရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် ၉ ဦး ဒဏ်ရာရ
AA ဖမ်းသွားသည့် ရသေ့တောင် မြို့မိ မြို့ဖ ၂ ဦးအနက်မှ ၁ ဦးပြန်လွတ်လာ