စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝက်ချောင်းလေး ကျေးရွာရှိ အမှတ် (၄) မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ မဲရုံ ကိုယ်စားလှယ်များ ရိုက်နှက်မှု ဖြစ်ပွားကာ အပြန်အလှန် အမှုဖွင့်ထားသည်ဟု ကနီမြို့မ ရဲစခန်းက သတင်း ရရှိသည်။
ကနီမြို့မ ရဲစခန်းမှူး ဒု ရဲမှူး ချစ်ဝေ က “NLD ပဲ အရိုက်ခံရတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးလည်း အရိုက်ခံရတယ်။ ၂ ယောက် အပြန်အလှန် ရိုက်ခံရတာ။ နှစ်ဖက်လုံးက အပြန်အလှန် အမှုဖွင့်ထားပါတယ်။ NLD ဘက်က လူတွေကို အမှု အတွက် ဖမ်းဆီးတာ မလုပ်ရသေးဘူး။ USDP ဘက်က လူတွေကိုတော့ လုံလောက်တဲ့ ခံဝန်နဲ့ အာမခံ ပေးထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မဲရုံအတွင်း၌ ခိုက်ရန်ဖြစ်ပွားခဲ့ကြသူများသည် USDP နှင့် NLD တို့ဘက်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ဖြစ်ကြပြီး ထိုမဲရုံတွင် ပါတီတခုလျှင် မဲရုံကိုယ်စားလှယ် ၅ ဦးစီ စောင့်ကြပ် ကြည့်ရှုကြသည် ဟု သိရသည်။
ရိုက်နှက်မှုကြောင့် ဒဏ်ရာရသွားသည့် NLD ဘက်မှ မဲရုံ ကိုယ်စားလှယ် ဦးကြည်မင်း၏ ပြောပြချက်အရ အခင်းဖြစ်ပွား သည့် နိုဝင်ဘာလ ၃ ရက်တွင် အမှတ် (၄) မဲရုံ၌ အသက် ၆၀ မပြည့်သေးသည့် အမျိုးသမီးကြီးတဦးက ကြိုတင်မဲ ပေးပိုင် ခွင့် မရှိကြောင်း ပြောဆိုရာမှ စတင် စကားများခဲ့ကြခြင်း ဖြစ်သည်။
မဲရုံ ကိုယ်စားလှယ်ဖြစ်သည့် USDP ဘက်မှ ၃ ဦးနှင့် NLD ဘက်မှ၂ ဦးတို့သည် ဦးစွာ ရန်ဖြစ်စကားများနေရာမှ မဲရုံ ပြင်ပ တွင် ထိုင်နေသည့် USDP ဘက်မှ လူငယ်၂ ဦးက တုတ်များ စွဲကိုင်ကာ မဲရုံထဲသို့ ဝင်လာပြီး NLD ၏ မဲရုံကိုယ်စားလှယ် များအား ခြိမ်းခြောက် စကားများ ဆိုခဲ့ရာမှ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ပွားမှုကြောင့် မဲရုံ ကိုယ်စားလှယ် ဖြစ်သည့် USDP ဘက်မှ ၃ ဦးနှင့် NLD ဘက်မှ၂ ဦးတို့ အသီးသီး ဒဏ်ရာများ ရရှိသွားခဲ့သည်။
မြို့မစခန်းမှူးက NLD ဘက်မှ အရိုက်ခံရသူများအတွက် ဦးကြည်မင်းမှ တရားလိုပြုလုပ်သလို USDP ဘက်မှလည်း ဦးစက် တင်က တရားလိုပြုလုပ်ပြီး အပြင်းအထန် နာကျင်စေမှု၊ ပူးပေါင်း ပါဝင်မှု၊ ကြိမ်းဝါးမှုများ ဖြစ်သည့် ပုဒ်မ ၃၂၅ ၊ ၃၂၃၊ ၅၀၆၊ ၁၁၄ တို့ဖြင့် နိုဝင်ဘာလ ၃ ရက်က အပြန်အလှန် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထ့ိုပြင် မဲရုံအတွင်း ဝင်ရောက် ခြိမ်းခြောက် စကားပြောခဲ့သည့် USDP မှ လူငယ်၂ ဦးကို ပိုက်နက်ကျူးလွန်မှု၊ ဝတ္တရား နှောင့် ယှက်မှုဖြင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ တိုင်ကြားသွားမည်ဟု NLD ပါတီ အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းချမ်း က ဆိုသည်။
၎င်းက “အရင်ကတော့ ကျနော်တို့မှာ ရန်ငြိုးရန်စလည်း မရှိဘူး။ ဖြစ်ဖြစ်ချင်း ရဲစခန်းတိုင်လို့ ရဲစခန်းကလည်း ခေါ်စစ် တယ်။ သူတို့ကလည်း ကျနော်တို့က ပြန်လည် တိုက်ခိုက်ပါတယ် ဆိုပြီး မနေ့ညက အမှုပြန်ဖွင့်သွားတယ်လို့ သိရတယ်” ဟု ပြောသည်။
ကနီမြို့နယ် USDP ပါတီအား ဆက်သွယ်ခဲ့သော်လည်း မဲဆွယ် စည်းရုံးရေးကြောင့် ဖုန်းလိုင်းမမိသည့် နေရာ ရောက်ရှိနေ သည့်အတွက် ပြောကြားနိုင်ခြင်း မရှိပါဟု ပါတီ ဥက္ကဋ္ဌက ဆိုသည်။
ထိုအမှု အပါအဝင် ကနီမြို့နယ်အတွင်း၌ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အခြားဖွင့်လှစ်ထားသည့် အမှုများမှာ NLD အောင်နိုင်ရေး သီချင်းဖြစ်သည့် ဒေါက်ဖိနပ်လျှောက်သံ သီချင်းအား ဖျက်၍သီဆိုထားသည့် သီချင်းကို ဖွင့်လှစ်ခြင်း အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့်လည်းကောင်း၊ ကြိုတင်မဲ မသမာမှုဖြင့် တိုင်ကြားခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။
ကနီမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ၁ သိန်း ၁ သောင်းကျော်၊ မဲရုံ ၁၂၁ ရုံ ရှိကြောင်း သိရသည်။
You may also like these stories:
မင်းကင်း ကြံ့ခိုင်ရေးပါတီဝင်များနှင့် ဝန်းရံသူ ၂၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ