ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြက်ရေကြီးကျေးရွာမှ လူငယ်နှစ်ဦး တပ်မတော်မှ ပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ဒဏ် ရာရသည့်အတွက် မြေပုံဆေးရုံ၌ ကုမှုခံယူနေကြောင်း သတင်း ရရှိသည်။
အဆိုပါ ၂ ဦးမှာအသက် အသက်၂၀ အရွယ် မောင်မျိုးနိုင်နှင့် ၁၈ နှစ်အရွယ် စိုးထက်အောင်တို့ ဖြစ်ကြပြီး နိုဝင်ဘာလ ၃ ရက် နေ့လယ်ပိုင်းက မြေပုံမြို့အထွက် ဓာတ်ဆီဆိုင်တန်းအနီး တပ်မတော် ယာယီစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမခံဘဲ ထွက်ပြေးသည့်အတွက် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
မောင်မျိုးနိုင်၏ မိခင်ဖြစ်သူ ဒေါ်မခင်ကြည်က “ရွာကနေ မြေပုံကို သွားတာ။ အပြန်မှာ ဆိုင်ကယ်နဲ့ မြို့ထွက်ဝ တပ်မတော် စစ်ဆေးရေးဂိတ်က ရပ်တန့်ခိုင်းတာကို မကြားတဲ့အတွက် မရပ် ဆိုပြီးတော့ ပစ်ခတ်လိုက်တဲ့အခါ ဒဏ်ရာတွေ ရသွား တယ်။ အခု သားကို မြေပုံဆေးရုံမှာ ဆေးကုနေပေးတယ် ” ဟု ဆိုသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် မောင်မျိုးနိုင်၏ ဘယ်ဘက် လက်ဖျံနှင့် မောင်စိုးထိုက်အောင်၏ ဒူးတို့တွင် ကျည်ရှပ်ထိမှန်ခဲ့ ကာ၊ စိုးထိုက်အောင်ကို ပြင်ပလူနာအဖြစ် မြေပုံ ဆေးရုံ၌ ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြေပုံမှ မင်းပြားဘက်သို့ မသင်္ကာဖွယ် လူ ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ် တန့်စေခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များအား အော်ဟစ်ဆဲဆို၍ မောင်းနှင် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကတ္တရာလမ်းအား ကျည်ထောက်၍ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါသူ၏လက်အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့က နိုဝင်ဘာလ ၄ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
၎င်းတို့အား မြေပုံ ပြည်သူ့ဆေးရုံတွင် ဆေးကုသလျက် ရှိနေသည်ကို သိရှိရသဖြင့် သွားရောက် ဖမ်းဆီးထိန်းသိမ်း၍ လုံခြုံ ရေးအဖွဲ့၏ တာဝန် ဝတ္တရားအား အနှောင့်အယှက်ပြုလုပ်သူအား တရားဥပဒေအရ အရေးယူနိုင်ရေး မြေပုံမြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “အရေးယူဖို့ ညွှန်ကြားထားပေမယ့်လည်း တပ်ဘက်က တော့ သူတို့ကို ကောင်းကောင်းမွန် နေဖို့နဲ့ ဝန်ခံကတိ ထိုးခိုင်းထားတယ်လို့တော့ သိရတယ်။ အခုလို ဝန်ခံကတိတွေ ထိုး ခိုင်းတယ်ဆိုတော့ အမှုကို လျှော့ပေါ့အောင် လုပ်ပေးဖို့ ထင်တယ်။ စောင့်ကြည့်ရဦးမယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး စစ်ရေး ပဋိပက္ခကြောင့် ရခိုင်တွင် စစ်ဘေးဒုက္ခ သည်၂ သိန်း ၃ သောင်းကျော်အထိ ရှိလာနေပြီး စစ်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ လည်း တနေ့တခြား တိုးလာလျက်ရှိသည်။
You may also like these stories:
ကျောက်ဖြူ ဇိုင်ချောင်းကျေးရွာသားများကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေ