ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁ နယ်မြေတွင် အောက်တိုဘာလ ၃၀ ရက်နေ့က အသက် ၆၀ ကျော် သက်ကြီးမဲဆန္ဒရှင်များထံ ကြိုတင်မဲလိုက်လံ ကောက်ယူရာ၌ ပိုးတွေ့လူနာအား ကြိုတင်မဲ ကောက်ယူခဲ့မိသည့် မဲရုံမှူးအပါအဝင် လူ ၇ ဦး ထံတွင် ကူးစက်မြန် COVID – 19 ရောဂါပိုး တွေ့ရှိ ခဲ့ကြောင်း နိုဝင်ဘာ ၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပုသိမ်မြို့၊ အမှတ် ၁ နယ်မြေ၊ ဆင်းသီရိရပ်ကွက် မဲရုံအမှတ် ၆ ၏ မဲရုံမှူးဖြစ်သူ အသက် ၃၃ နှစ်အရွယ် အလယ် တန်းပြဆရာမ ဦးဆောင်သော လူ ၇ ဦး ပါဝင်သည့်အဖွဲ့မှာ အောက်တိုဘာ ၃၀ ရက်နေ့တွင် ဆင်းသီရိရပ်ကွက် အတွင်း ကြိုတင်မဲ လိုက်လံကောက်ခံခဲ့ရာဆင်းသီရိ ၁ လမ်းရှိ ကိုဗစ်လူနာ တွေ့ရှိ ထားသောနေအိမ်မှ အသက် ၈၄ နှစ် အရွယ် အမျိုးသားထံမှလည်း ကြိုတင်မဲ ကောက်ယူခဲ့သည်။
အဆိုပါ အသက် ၈၄ နှစ်အရွယ် အမျိုးသားနှင့်သမီးဖြစ်သူတို့မှာ ကိုဗစ်အတည်ပြုလူနာများဖြစ်ပြီး ထိုအဘိုးထံတွင်လည်း နိုဝင် ဘာလ ၂ ရက်နေ့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ကြိုတင်မဲကောက်ခဲ့သည့် မဲရုံမှူး၊ ဒုမဲရုံမှူး ဆရာမများ အပါအဝင် လူ ၇ ဦးကို ကျန်းမာရေးဌာနက နေအိမ်ကွာရန်တင်းထားရှိခဲ့ပြီး ယမန်နေ့က စစ်ဆေးခဲ့ရာ ကြိုတင်မဲကောက်ခဲ့သူ ၇ ဦးစလုံးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “ဆင်းသီရိ ရပ်ကွက်မှာ ကြိုတင်မဲကောက်ခဲ့တဲ့ မဲရုံမှူးအပါအဝင် ၇ ဦးမှာ ကိုဗစ်ပိုးတွေ့ပါတယ်။ သူတို့ဟာ ပိုးတွေ့လူနာနဲ့ တိုက်ရိုက် ထိတွေ့မိခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီအဘိုးအိုဆီမှာ ကြိုတင်မဲ ကောက်ရင်း ကူးစက်တယ် လို့တော့ အတိအကျ ပြောလို့မရပါဘူး။ မဲကောက်ရာမှာ ပါဝင်ခဲ့တဲ့ ပိုးတွေသူ ၇ ဦးနဲ့ ပတ်သက်သူတွေကို ကျနော်တို့ ကွာရန်တင်းထားရှိဖို့ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကြိုတင်မဲလိုက်ကောက်ရင်း ရောဂါပိုး ကူးစက်ခံခဲ့ရသူများမှာ မဲရုံမှူးဖြစ်သူ အမှတ် ၃ အထက်တန်း ကျောင်းမှ အသက် ၃၃ နှစ်အရွယ် အလယ်တန်းပြဆရာမနှင့် ဒုမဲရုံးမှူး ကျောင်းဆရာမ ၁ ဦး၊ အမှတ်၂ အထက်တန်းကျောင်း မှ အလယ်တန်းပြဆရာမ ၁ ဦး၊ အမှတ် ၃ အထက်တန်းကျောင်းမှ ရုံးစာရေး အမျိုးသား ၁ ဦး၊ ရပ်ကျေးကော်မရှင် အဖွဲ့ဝင်အမျိုးသား ၁ ဦး၊ ဆင်းသီရိရပ်ကွက်မှ ရာအိမ်မှူး ၁ ဦးနှင့် မဲရုံတာဝန်ကျ အထူးရဲ ၁ ဦးတို့ဖြစ်ကြောင်း ပုသိမ် ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ကိုဗစ်ဒုတိယလှိုင်းမှာ ကျယ်ပြန့်စွာ ဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံတာဝန်ရှိသူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားချက် အတိုင်း အတိအကျလိုက်နာဆောင်ရွက်ရန် ကြပ်မတ်သင့်ကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပြည်သူ့ပါတီက ပြော သည်။
ပြည်သူ့ပါတီ၏ ဧရာဝတီတိုင်းဒေသကြီးဥက္ကဋ္ဌဖြစ်သူ ဦးသီဟက “အခုလိုမျိုး ကိုဗစ်ရောဂါ ကျယ်ပြန့်လာနိုင်တဲ့အတွက် ရွေးကောက်ပွဲကို အားလုံးတိုင်ပင်ပြီးတော့ နောက်ဆုတ်သင့်ရင် ဆုတ်ဖို့ ကျနော်တို့ ပါတီက တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲလုပ်ခဲ့ရင်တောင်မှ ရောဂါကာကွယ်ရေး ကြိုတင်စီမံမှုတွေ စနစ်တကျလုပ်ဖို့ အများကြီးလိုအပ်ပါတယ်။ အခုကတော့ အောက်ခြေမှာ မဲရုံတာဝန်ရှိသူတွေ လုပ်ကိုင် ဆောင်ရွက်နေကြတဲ့အခြေအနေမှာ ကျန်းမာရေး ညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းတာ၊ လျော့ရဲ တာတွေ အများကြီး တွေ့နေရပါတယ်” ဟု ပြောသည်။
ပုသိမ်မြို့တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ကိုဗစ်ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်ခဲ့ရာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိမှု တဖြည်းဖြည်းများပြားလာသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့တွင် ပုသိမ်မြို့နယ်မှ ပြည်သူများနေအိမ်၌သာ နေထိုင်ရန် Stay at Home အမိန့် ထုတ်ပြန်ခဲ့သည်။
Stay at Home အမိန့်ထုတ်ပြီးနောက်ပိုင်း ကိုဗစ်လူနာအရေအတွက် ကျဆင်းခဲ့သဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့သည့် ပုသိမ် တိုင်းရင်းဆေးရုံကုသဆောင်ကို ဧရာဝတီတိုင်း၊ ကျန်းမာရေးဌာနက အောက်တိုဘာ လလယ်ပိုင်းတွင် ပိတ်သိမ်း ခဲ့သည်။ သို့သော် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ပိုးတွေ့လူနာ အရေအတွက် ပြန်လည် များပြားလာသဖြင့် ယာယီပိတ်ထားခဲ့သည့် ပုသိမ်တိုင်းရင်းဆေးရုံကို ပြန်လည် ဖွင့်လှစ်ကာ ကိုဗစ်လူနာများ ထားရှိကုသနေသည်။
ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “အခုပေါ်နေတဲ့ ရလဒ်တွေက လွန်ခဲ့တဲ့ ၂ ပတ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ စစချင်းတုန်းက လူနာအရေအတွက် ပြန်ကျတယ်ဆိုတာ ဟိုးလွန်ခဲ့တဲ့ ၂ ပတ်လောက်က Stay at Home တကယ်နေခဲ့ကြလို့ ဖြစ်ပါတယ်။ Stay at Home နေတာ ကြာလာတဲ့အချိန်မှာ လူတွေကအိမ်မှာ မနေတော့ဘဲနဲ့ လူစုလူဝေးတွေနဲ့ ပါတီတွေက မဲဆွယ်တဲ့ကိစ္စတွေပါ ရှိလာတဲ့အခါကျတော့ လူတွေက သွားကြလာကြတာတွေ လုပ်လာကြတယ်။ အဲဒီအကျိုးဆက်က နောင်
၂ ပတ်ကြာတဲ့အခါ ပြန်ပေါ်လာတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ပုသိမ်ဆေးရုံကြီးတွင် နိုဝင်ဘာလ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၁၅ ဦး တက်ရောက် ကုသခဲ့ပြီး ၎င်းတို့အနက် ရောဂါပျောက်ကင်းသဖြင့် လူနာ ၁၆၉ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ တွင် ပုသိမ်ဆေးရုံတွင်ကိုဗစ်လူနာ ၁၈ ဦး၊ တိုင်းရင်းဆေးရုံကုသဆောင်တွင်ကိုဗစ်လူနာ ၂၈ ဦး၊ လူနာ စုစု ပေါင်း ၄၆ ဦး တက်ရောက်ကုသမှုခံယူနေကြောင်း ပုသိမ်ဆေးရုံကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
အမေရိကန်မှာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ
ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုအချို့ကို ထောက်ပံ့ကြေး ထပ်မံပေးရန် စီစဉ်
ဗြိတိန်မှာ ကိုဗစ်ကူးစက်သူ ၁ သန်းကျော်သွားတာကြောင့် တနိုင်ငံလုံး Lockdown ချ