ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံတွင် ဖော်ဆောင်မည့် စီမံကိန်း နှစ်ခုအတွက် ချေးငွေအဖြစ် ဂျပန်ယန်း ၄၂၇၇၉ သန်း (အမေရိကန်ဒေါ်လာ ၄၁၀ သန်း) ထောက်ပံ့ပေးမည့် ချေးငွေ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၄ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ် Mr. MARUYAMA Ichiro နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ချေးငွေ စီမံကိန်း နှစ်ခုမှာ “အရှေ့- အနောက် စီးပွားရေး စင်္ကြန် အမြန်လမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (ပဲခူး- ကျိုက်ထို လမ်းပိုင်း)” နှင့် “အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (တတိယအဆင့်)” တို့ကို ဖြစ်ပြီး စီမံကိန်းနှစ်ခု၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၄၁၀ ရှိကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
ယင်း ချေးငွေများကို စည်းကမ်း သတ်မှတ်ချက်အနေနှင့် အတိုးနှုန်း ၁ နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ပြန်ဆပ်ရမည့် ကာလမှာ နှစ် ၄၀ ( ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင်) ချုပ်နှောင်ရက် မရှိ သတ်မှတ်ထားသည်။
အရှေ့- အနောက် စီးပွားရေး စင်္ကြန် အမြန်လမ်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (ပဲခူး-ကျိုက်ထိုလမ်းပိုင်း) သည် မဟာမဲခေါင် ဒေသခွဲ အရှေ့-အနောက်စီးပွားရေးစင်္ကြန် အဝေးပြေးလမ်း ဆောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်ပြီး စစ်တောင်းမြစ်ကို ဖြတ်၍ တံတားအသစ်တစင်း ဆောက်လုပ်ခြင်းနှင့် စီးပွားရေး စင်္ကြန်ပေါ်ရှိ တံတားများ ထိန်းသိမ်းပြင်ဆင်မှုကို မြှင့်တင်ပေး ရန်တို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လမ်းများနှင့် တံတားများ ပြုပြင် ထိန်းသိမ်းသည့် စနစ်ကို မြှင့်တင်ရန်အတွက် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) ကို လည်း ပြန်လည် ပြုပြင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကို ဆောင်ကြဉ်းပေးမည့် အရှေ့-အနောက် စီးပွားရေး စင်္ကြန်က မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအပြင် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို အပြန် အလှန် ထိန်းညှိပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကိုကြီးက “တရုတ် နဲ့ ဂျပန်လုပ်ငန်းရှင် တော်တော်များများက ဒီမှာ လုပ်ငန်းလုပ်မယ် ဆိုပြီးတော့ နဂိုတုန်းက အစပျိုးခဲ့တာ။ ပဲခူး ဟံသာဝတီ ရယ်၊ နောက် ကျိုက်ထိုဘက်ပေါ့၊ အဲဒီမှာ လုပ်မယ်။ ဒီ လုပ်တယ်ဆိုတော့ ကြိုဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဓိက တော့ မြန်မာနိုင်ငံမှာ ဂျပန်က ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်တာက သီလဝါလိုဘက်မှာပဲ ရှိတယ်။ ကျိုက်ထိုမှာ လုပ် မယ်ဆို ပြည်ပမှာ နှစ်နဲ့ချီ အလုပ်သွား လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ပြန်ပြီး မိသားစုနဲ့ အလုပ်နိုင်မယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောကြားသည်။
အထက်ပါ အရှေ့- အနောက် စီးပွားရေး စင်္ကြန် အမြန်လမ်းဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (ပဲခူး-ကျိုက်ထိုလမ်းပိုင်း) အကောင်အထည် ဖော်မည်ဆိုလျှင် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အနေနှင့် စက်ရုံအကြီးများ သာမက အသေးစားနှင့် အလတ်စား (Msme) လုပ်ငန်းများ ပို၍ တိုးတက်နိုင်ကြောင်း ၎င်းက ပြောသည်။
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (တတိယအဆင့်) သည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ အပေါင်ပစ္စည်းဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ထားသော ကာလ လတ်နှင့် ကာလရှည် ချေးငွေများဖြင့် အရင်းအနှီးများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး COVID-19 အခြေအနေအရ အရေးပေါ် ငွေကြေး ထောက်ပံ့ပေးမှု ဖြစ်ကြောင်း (JICA) က ထုတ်ပြန်ထားသည်။
ယခုလို ခက်ခဲ ကြမ်းတမ်းသည့် အခြေအနေများတွင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သော စီမံကိန်း နှစ်ခုသည် မြန်မာနိုင်ငံအား အား မလျှော့ဘဲ နာလန်ထူရေးနှင့် စီးပွားရေး ရေရှည်တည်တံ့စွာ တိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံနှင့် ငွေကြေး ကဏ္ဍ ဖွံ့ဖြိုးရေး နှစ်ခုစလုံးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း JICA မြန်မာရုံးမှ ကိုယ်စားလှယ်ချုပ် Mr.Sakakura Noriji က ပြောကြားထားသည်။
ထို သက်သာသော ချေးငွေများကို မြန်မာနိုင်ငံ၏ ပထဝီ အနေအထား အားသာချက်ကို မြင်သာစေမည့် စင်္ကြန်လမ်း၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတလွှား ငွေကြေးထောက်ပံ့မှုမျိုးဖြင့် SME လုပ်ငန်းများ COVID-19 ကူးစက်ရောဂါကြောင့် ဆုံးရူံးမှုများမှ ပြန်လည် နာလန်ထူနိုင်ရေး တို့အတွက် ပံ့ပိုး ကူညီ ခြင်းဖြစ်ကြောင်း ဆိုသည်။
You may also like these stories:
ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်း လွှတ်တော်အတည်ပြု
စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်လုပ်ငန်းရှင်များကို ဖိတ်ခေါ်
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အဆိုပြုလွှာ ၁၆ စောင်ရရှိ