ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်နှင့် တပ်မတော်၏ ထုတ်ပြန်ချက်တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ပြောကြားချက်များအပေါ် တပ်မတော်က ပြန်လည် တုံ့ပြန်လိုက်သည်။
နိုဝင်ဘာ ၄ ရက် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းချက်များ အ ပေါ် စုစည်း ဖြေကြားချက် ဟူ၍ အဓိက ပြန်လည် တုံ့ပြန်ချက် ၆ ချက် ပါဝင်သော ယင်းဖြေကြားချက်ကို ယနေ့ နေ့လယ် ပိုင်းက တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြေကြားချက်တွင် “တပ်မတော်၏ ထုတ်ပြန်ချက်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်များ သည် အခြေခံဥပဒေနှင့် ကိုက်ညီစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း” ကို အချက်တိုင်းလိုလို၌ ထည့်သွင်း ပြောဆိုထား သည်ကို တွေ့ရသည်။
ပထမဦးဆုံး တချက်အနေဖြင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရမှာ ယေဘူယျအားဖြင့် အခန်း (၁) နိုင်ငံတော် ၏ အခြေခံမူများ ၄၈ ချက်ဖြစ်ပြီး ယင်းအခြေခံမူများ ပုဒ်မ ၆(စ)ပါ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည် ဟူသော ပြဋ္ဌာန်းချက်ကို တပ် မတော် က ညွှန်းဆိုထားသည်။
ယခု ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ကာလ၊ ကြိုတင်မဲ ပေးကာလတို့၌ နိုင်ငံအဝှမ်း ဖြစ်ပွားနေသည့် ပါတီထောက်ခံသူ အချင်းချင်း ပဋိပက္ခ၊ အငြင်းပွားမှုများ၊ ယင်းကိစ္စများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ် တဦးနှင့်တဦး၊ တဖွဲ့နှင့် တဖွဲ့ ရင့်သီးစွာ ပြောဆိုခြင်း၊ ပဋိပက္ခများမှ တဆင့် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားနေသည့် ဖြစ်ရပ်များသည် အမျိုးသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည်ဟု တပ်မတော်က ပြောသည်။
ဒါသည်ပင် တနိုင်ငံလုံး အရေး၊ မြန်မာပြည်သူပြည်သားများ အရေးပင် ဖြစ်သဖြင့် အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် အစဉ်တစိုက် ပါဝင်ရမည့် တပ်မတော်က လျစ်လျူရှုထား၍ မရ၊ “ပြောရေးရှိက၊ ပြောရမည်” ဖြစ်သည်ဟု ဆို သည်။
ထို့ပြင် တပ်မတော်သည် အမျိုးသားရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေတို့နှင့် မကိုက်ညီသော၊ ဒို့တာဝန် အရေး သုံးပါးကို ထိခိုက်စေသော မည်သည့် အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကိုမဆို အသိပေးပြောကြားရန် တာဝန်ရှိ သည် ဟုလည်း ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံဝန်ထမ်းဟု သဘောသက်ရောက်သော ပြောကြားချက်နှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ နိုင်ငံရေး အဆင့်အတန်းကို ကြည့်ပါက ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်များ၏ ဖွဲ့စည်းမှုတွင် ပါဝင်သည့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များကို အမည်စာရင်း တင်သွင်းရသူ ဖြစ်သည်။
ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုအတွက် ပြည်ထောင်စု ဝန်ကြီးများ ခန့်အပ်နိုင်ရန် သင့် လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတကပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ ရယူရခြင်း၊ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အမှတ်စဉ်(၆) အဖွဲ့ဝင် ဖြစ်ခြင်း တို့ကိုလည်း ညွှန်းဆိုထားသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရန် အမျိုးသား ညီလာခံ စုံညီ အစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများစာအုပ် အခန်း(၇)၊ တပ်မတော်အခန်း စာပိုဒ်(၈)တွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆင့်သတ်မှတ်ရာတွင် မှီငြမ်းပြုနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဒုတိယ သမ္မတအဆင့် သတ်မှတ်သည် ဟူသော အချက်ကိုလည်း ထည့်သွင်း ပြောဆိုထားသည်။
ယင်း အချက်များအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ပါတီနိုင်ငံရေး မဟုတ်သည့် အမျိုးသားနိုင်ငံရေး တာဝန်ကို ထမ်းဆောင်နိုင်ရန် နိုင်ငံ့ဝန်ထမ်းအဆင့် မဟုတ်သည့် အမျိုးသား နိုင်ငံရေး အဆင့်အတန်းကို သတ်မှတ်ပြဋ္ဌာန်းထားသည် ကို တွေ့ရှိရမည်ဖြစ်ပြီး အခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် အစိုးရသည် အခြေခံဥပဒေအရ အပ်နှင်းထားသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမျိုးသားနိုင်ငံရေး တာဝန်များနှင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေး တာဝန်များ ကို လေးစား အသိအမှတ် ပြုရမည်ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၏ အကြီး အကဲ ဖြစ်သည်ဆိုသော်လည်း ၎င်းသည် ဒု သမ္မတအဆင့်ဖြင့် ညီခြင်း၊ မညီခြင်းကိုမူ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိတိ လင်းလင်း ဖော်ပြထားခြင်း မတွေ့ရကြောင်း ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်းပေါင်နပ်က မှတ်ချက်ပြုသည်။
“ရှင်းရှင်းလေးပဲလေ။ ဒီညွှန်းထားတဲ့ဟာတွေကတော့ ကျနော်တို့ ထည့်ပြီး ဆွေးနွေးဖို့ မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဘာ ဖြစ်လို့လဲဆို ဥပဒေရဲ့ပြဋ္ဌာန်းချက်အတိုင်းပဲ ကျနော်တို့က လုပ်ဆောင်ရမယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ် မတော်ရဲ့ အကြီးအကဲ ဖြစ်တယ်။ ဒီအကြီးအကဲဟာ သူ့ရဲ့ တပ်မတော်သားတွေကို ခန့်အပ်ပိုင်ခွင့် ရှိတယ်။ ဒီလောက်ပဲ နားလည်ရမယ်” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “သို့သော် သူက သမ္မတရဲ့ လုပ်ပိုင်ခွင့်ကိုတော့ ကိုင်ဆောင်ပြီး လုပ်ရမယ်ဆိုတာလည်း မတွေ့ရဘူး။ အဲဒီတော့ သူ့စည်းနဲ့သူပဲ ရှိတယ်။ အရင်တုန်းက ရေးဆွဲခဲ့စဉ်တုန်းက ညွှန်းတာတွေ၊ မညွှန်းတာတွေ ဒါက ကျနော်တို့ ထည့်ပြီးတော့ ဥပဒေပြဋ္ဌာန်းချက်အပေါ်မှာ မှီပြီး ကိုးကားပြီးတော့ ဆွေးနွေး ခံယူစရာ မလိုဘူးလို့ ယူဆတယ်” ဟု ဆို သည်။
အမျိုးသားနိုင်ငံရေး ဆိုရာတွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မပေါင်း ၄၅၇ ခုထဲတွင် ယင်းနှင့် ပတ်သက်သည့် ရှင်း လင်းသော ဖွင့်ဆိုချက် မပါဝင်ကြောင်း၊ ၁၉၇၃ ခုနှစ် စကားရပ် အနက်အဓိပ္ပာယ်များ ဖွင့်ဆိုသည့် ဥပဒေတွင်လည်း မပါဝင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း သုံးသပ်ထားခြင်း မရှိသောကြောင့် အမျိုးသား နိုင်ငံရေး ထမ်းဆောင်သည် ဆိုရာတွင် ရှင်းလင်းမှု ရှိမနေဘဲ ကိုယ့်သဘောနှင့်ကိုယ် ဖွင့်ဆိုနေခြင်းက ပြဿနာတခု ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးက ပြောသည်။
ဆက်လက်၍ ၎င်းက လက်ရှိ အခြေအနေသည် တပ်မတော်နှင့် အစိုးရအဖွဲ့ကြား နွေးထွေးသည့် ဆက်ဆံရေး မရှိသည်ကို ပြသနေပြီး တပ်မတော်အတွက်လည်း မကောင်းသလို အစိုးရအတွက်၊ ပြည်သူတွေ အတွက်လည်း မကောင်းကြောင်း၊ အပြန်အလှန် အပြစ်တင်ခြင်းအားဖြင့် အကျိုးမရှိကြောင်း၊ တပ်မတော်အနေဖြင့် ယခုအချိန်၌ အမှန်တကယ် စိတ်ပူနေ သည် ဆိုပါကလည်း အစိုးရနှင့် ညှိနှိုင်းပြီး UEC ကို ပြုပြင်ရန် ပြောရမည်သာ ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။
အစိုးရဘက်ကလည်း တပ်မတော်၏ ထုတ်ပြန်ချက်များသည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်အချို့၏ တိကျရေရာ၊ သေချာမှု မရှိသည့် ပြောကြားချက်များအပေါ် အခြေခံထားပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို အထောက်အ ကူ မဖြစ်စေကြောင်း၊ ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဟု ကြိုတင်အပြစ်တင် ပြောဆိုဆုံးဖြတ်နေ ခြင်းသည်လည်း မသင့်လျော်ကြောင်း ယမန်နေ့ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍လည်း တပ်မတော်က ပြန်လည် တုံ့ပြန် ရှင်းလင်းထားသလို တပ်မတော်၏ ထုတ် ပြန်၊ ပြောဆိုချက်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး အပြုသဘော ဝေဖန်ထောက်ပြခြင်း သာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ လက်တွေ့ဖြစ်ရပ်များအပေါ် နှုတ်ဆိတ်နေခြင်းသည် တည်ငြိမ်အေးချမ်းရေး အတွက် အထောက်အကူ မပြုနိုင်သောကြောင့် ပြောသင့်၊ ပြောထိုက်သည်များကို ဥပဒေနှင့် အညီ ပြည်သူလူထုသို့ အသိ ပေး ပြောကြားခြင်း ဖြစ်ကြောင်း တပ်မတော်ဘက် ဆိုသည်။
You may also like these stories:
တပ်ချုပ်နှင့် တပ်မတော်၏ ထုတ်ပြန်ချက် ဥပဒေနှင့် မညီဟု သမ္မတရုံး တုံ့ ပြန်
၂၀၂၀ ရွေးကောက်ပွဲလွန်ကာလအား ခန့်မှန်းတွက်ချက်ခြင်း
နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ
တပ်ချုပ်၏ မူဝါဒ ၆ ချက် မြဝတီသတင်းစာတွင် ဖော်ပြမှု UEC ကိုယ်တိုင် ကန့်ကွက်