Facebook ပေါ်ရှိ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းစကားများ၊ ညစ်ညမ်းသည့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာ များနှင့် တည်ငြိမ်အေးချမ်းရေး ထိခိုက်စေသည့် အကြောင်းအရာများကို အစိုးရက ဖယ်ရှားဆောင်ရွက်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နိုဝင်ဘာလ ၄ ရက်က ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ “အဲဒါတွေကို ကျနော်တို့ ရှိတဲ့ Mechanism အရ လုပ်ဆောင်တာတွေရှိသလို တရားဝင် Facebook ကို Message တွေ ပေးရတာလည်းရှိပါတယ်။ အဲဒါကို Facebook က လူတွေက စိစစ်ပြီးတော့ Community Standard နဲ့အညီ ဆောင်ရွက် တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ထို့ပြင် ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အမုန်းစကားများကို ထိထိရောက်ရောက် အရေးယူရန်လည်း န်ိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားချက်ထုတ်ထားကြောင်း ဦးဇော်ဌေးက ဆက်လက်ဆိုသည်။
Facebook လူမှုကွန်ရက်ပေါ်ရှိ အမုန်းစကားများ ဖယ်ရှားရေးဆောင်ရွက်နေခြင်းသည် ယေဘုယျအားဖြင့် အပြုသဘော ဆောင်သော်လည်း များစွာမကြာသေးသည့် အောက်တိုဘာလ အကုန်ပိုင်းလောက်ကမူ Facebook ပေါ်ရှိ အစိုးရကို ဝေဖန်ထောက်ပြသော ရေးသားချက်အချို့သည်လည်း ဖယ်ရှားခြင်းခံလိုက်ရသည်။
ထိုသို့ဖယ်ရှားခံရသည့်အထဲတွင် ထင်ရှားသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့၏ ပို့စ် အချို့လည်း ပါဝင်ခဲ့သည်။
ဦးကြီးမြင့်သည် ၎င်း၏ Facebook အကောင့်တွင် အစဉ်တစိုက် ရေးသားလာခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံနှင့် ယနေ့မြန်မာနိုင်ငံရေးဆိုသည့် ဆောင်းပါး အပုဒ်ရေ အမှတ် ၃၄ အရောက်တွင် အဆိုပါဆောင်းပါး ဖယ်ရှားခံ လိုက်ရခြင်းဖြစ်သည်။
ဒေါက်တာ ရန်မျိုးသိမ်း ကမူ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ၎င်း သုံးသပ် ထားသည့် “၂၀၂၀ မှာ ၂၀၁၅ ထက်ပိုနိုင်လိမ့်မည်” ဆိုသော Post အကြိမ်ကြိမ်ဖယ်ရှားခံရကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ တွင် ဖယ်ရှားခံရသည့် Post များပြန်လည်တင်၍ ရပြီဖြစ်ကြောင်း ဒေါက်တာ ရန်မျိုးသိမ်း က ပြောဆိုထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ၎င်းရေးသားထားသည့် ဆောင်းပါးသည် သတင်းအမှားများလည်း မဟုတ်သလို အမုန်းစကားပြောဆိုနေခြင်းလည်း မဟုတ်ကြောင်း၊ သမိုင်းဖြစ်ရပ်များကိုသာ ပြန်လည် ဖော်ထုတ် ရေးသားနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုကဲ့သို့သော အကြောင်းအရာများ ရေးသားထားသော Post ကို ဖယ်ရှားလိုက်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုကို ကန့်သတ်ခြင်း ပင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နည်းပညာအခွင့်အရေးများ အကြောင်းဝေမျှပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သော Myanmar ICT for Development Organization (MIDO) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်ကမူ အစိုးရက Report လုပ်သည့် Post တိုင်းကို Facebook ကဖယ်ရှားလိမ့်မည် မဟုတ်ဘဲ ၎င်း၏ Community Standard နှင့် မညီသော Post များသာ ဖယ်ရှားခံရနိုင်ကြောင်း သုံးသပ်သည်။
အမုန်းစကားများ တားမြစ်ရန်အတွက် အစိုးရက ဆောင်ရွက်နေခြင်းသည် ယေဘုယျအားဖြင့် အပြုသဘော ဆောင်သော် လည်း အစိုးရဘက်က ဘက်လိုက်မှုကင်းရန်လည်း လိုအပ်သည်ဟု ဒေါ်ထိုက်ထိုက်အောင်က ထောက်ပြသည်။
ထို့ပြင် Facebook ကိုယ်တိုင်သည်ပင် မှားယွင်းဖယ်ရှားမှုများ တခါတရံ လုပ်ဆောင်တတ်သည်လည်း ရှိကြောင်း ၎င်းက ဆိုသည်။
“ဥပမာအားဖြင့် ရှေ့နေဦးကိုနီနဲ့ ပတ်သက်တဲ့ ပို့စ်တွေဆိုရင် Facebook က မှားပြီးတော့ AI Detection ကြောင့် ဖြုတ်ချ လိုက်တာတွေရှိတယ်။ အခုတော့ ပြန်ပြီးရနေပြီပေါ့။ အဲဒီလိုမျိုး Technical Error, Technical Mistake တွေ ဖြစ်တဲ့ အခါမျိုးမှာ ကျမတို့တွေအနေနဲ့လည်း ဒါတွေ ဒီလိုမျိုးဖြစ်နေပါတယ်ဆိုတာကို ကျမတို့အနေနဲ့ အကြောင်းကြားတာမျိုးတွေ လုပ်ဖို့ ပါတယ်” ဟု ဒေါ်ထိုက်ထိုက်အောင်က ပြောဆိုသည်။
Facebook ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကာကွယ်နိုင်ရန် အတွက် အဆင့်မြင့် လုပ်ဆောင်မှုများ ဆောင်ရွက်မည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်ကတည်းက တရားဝင် ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် Facebook ကို အသုံးပြုကာ အမုန်းစကားဖြန့်ဝေနေမှုများ၊ သတင်းအမှားများနှင့် Facebook ၏ Community Standard ကို အကြိမ်ကြိမ်ချိုးဖောက်သည့် အကောင့်များကို ဖယ်ရှားမည်ဟု ရေးသားထားသည်။
You may also like these stories:
၆ လအတွင်း အကောင့်တုပေါင်း ၁.၅ ဘီလျံအထိ ဖယ်ရှားခဲ့ကြောင်း Facebook ပြော
အကောင့်များ ပိတ်ရာ၌ အကြောင်းပြချက် ခိုင်လုံရန်လို ဟုဆို
အမုန်းတရား မပြန့်ပွားဖို့ မီဒီယာကို စောင့်ကြည့်မယ့် မီဒီယာကောင်စီ