ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၌ “ဝ” ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေသည့် ကျေးရွာအုပ်စုများ လွတ်လပ်စွာ မဲဆွယ်ခွင့်မရဘဲ မဲဆွယ်စည်းရုံးခွင့် ဆုံးရှုံးနေသည်ဟုဆိုကာ ပါတီ ၄ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာ ၃ ရက်နေ့က ကန့်ကွက်စာတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့် ဆုံးရှုံးနေသဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲ မဖြစ်မည်ကို စိုးရိမ်သဖြင့်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။
“လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့် မရှိဘူးဆိုရင် လွတ်လွတ်လပ်လပ်နဲ့ မဲပေးခွင့်ရှိဖို့ ဆိုတာလည်း မသေချာ တော့ဘူးလေ၊ အဲဒါကြောင့် ကန့်ကွက်ထားတာ။” ဟု NLD ပါတီ မိုင်းဆတ်မြို့နယ်၊ ပြည်နယ်မဲဆန္ဒအမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဦး က ပြောသည်။
အဆိုပါ ပါတီများ မဲဆွယ်စည်းရုံးခွင့်မရသည့် နေရာများမှာ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်း၊ လွယ်လန်းနှင့် ဆိုက်ခေါင်ကျေးအုပ်စုများဖြစ်ကြောင်း၊ ၎င်းတို့ မဲဆွယ်စည်းရုံးရေးသွားစဉ် ကျေးရွာအုပ်စုအဝင်နေရာများတွင် ကိုဗစ်ရောဂါစစ်ဆေးနေသည့် “ဝ” တပ်ဖွဲ့များ၏ တားမြစ်မှုများကြောင့် မဲဆွယ်ခွင့် မရခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မဲရုံ ၁၂ ရုံရှိနေသည့် ယင်းကျေးရွာအုပ်စုများတွင် နေထိုင်သူ ၂၂၀၀၀ ကျော်ရှိကြောင်း၊ ထိုနေရာများမှ ထွက် ပေါ်လာမည့် ရွေးကောက်ပွဲ မဲရလာဒ်များသည် ပါတီ တခုခုကိုသာ ကိုယ်စားပြု ထွက်ပေါ်လာနိုင်ကြောင်း၊ ယင်းရလာဒ်သည် လွတ်လပ်စွာမဲပေးခွင့်မရှိခြင်း၏ အကျိုးသက်ရောက်မှုသာ ဖြစ်လာနိုင်ကြောင်းလည်း ၎င်း က ရှင်းပြသည်။
မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ စိုင်းတူးကမူ “အဲဒီနယ်တွေမှာ မဲဆွယ်စည်းရုံးလို့ ရအောင် အခု ဦးလေးတို့ ဆောင်ရွက်ပေးနေပါတယ်။ နှစ်ရက် ကြိုတင်အကြောင်းကြားပြီး သွားလို့ရအောင် စီစဉ်ပေးထားတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ပါတီ ၄ ပါတီ၏ ကန့်ကွက်စာနှင့်ပတ်သက်ပြီး “ဝ” ပြည်နယ်တောင်ပိုင်း(၁၇၁) စစ်ဒေသ က ပြန်လည်ဖြေရှင်း ချက် စာတစောင်ကို “ဝ”ပြည်နယ် ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တဆင့် နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ကြေငြာချက်မှာ ယင်းဒေသတွေ၌ မဲဆွယ်စည်းရုံးခြင်းကို တားဆီးပိတ်ပင်မှု လုံးဝ မရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းကိုသာ အဝင်ဂိတ်များက ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့် ဂိတ်များတွင် ကြန့်ကြာ ရသည့် အကြောင်းရင်းမှာ မိမိတို့နယ်မြေအတွင်း ဝင်ရောက်လာသည့် ကိုယ်စားလှယ်များ ဘေးကင်းလုံခြုံရေး အတွက် ထပ်ဆင့် အကြောင်းကြားနေရခြင်း စသည့် အခြေအနေများကို အထင်အမြင် မလွဲစေရန် အသိပေး ကြောင်း ဖော်ပြထားသည်။
ဒေသတွင်းရှိ တိုင်းရင်းသားများလည်း ကြိုက်နှစ်သက်ရာ မည်သည့်ပါတီကို မဆို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိကြပြီး မည်သည့်ပါတီကိုမှ ဘက်လိုက်၍ မဲထည့်ရန် ဖိအားပေးပြောဆိုထားခြင်းမျိုးလည်း မရှိကြောင်းလည်း ရေးသားထားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ မိုင်းဆတ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း ဦးအိုက်စိုင်း က အဆိုပါ ကျေးရွာအုပ်စု ၄ စု အတွင်းနေထိုင်ကြသည့် ဒေသခံများသည် “ဝ” အကြီးပိုင်းအုပ်ချုပ်သူများ၏ ညွှန်ကြားချက်အတိုင်းသာ လိုက်နာနေထိုင်နေကြရပြီး လွတ်လပ်ခွင့် လုံးဝ မရှိကြောင်း ပြောသည်။
ထိုဒေသတွင် အထက်ပါ ၄ ပါတီအပြင် “ဝ”အမျိုးသားပါတီ WNP နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထိုပါတီ ၂ ပါတီလည်း မဲဆွယ်ခွင့် ကန့်သတ်ခံရခြင်း ရှိ၊ မရှိကို အတည်ပြုမရပါ။
မိုင်းဆတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၅ အုပ်စုရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၆ သောင်း နီးပါးရှိကြောင်း သိရသည်။
You may also like these stories:
လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ