နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးကြမည့် တပ်မတော်သားများနှင့် မိသားစုဝင် များကို ဒို့တာဝန် အရေးသုံးပါးကို အလေးထားသည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မဲပေးကြရန် တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ ဗီဒီယိုတယ်လီကွန်ဖရန့်မှတဆင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ပတ်သက် ပြီး တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မဲပေးတဲ့အခါမှာ စစ်သည်နဲ့ မိသားစုဝင်များအနေနဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါ တယ်။ ထည့်သွင်း စဉ်းစားရမယ့် အချက် တချက် ၂ ချက် ပြောချင်တာက ၁ အချက်က ဒို့တာဝန် အရေးသုံးပါး အလေး ထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုလို ဗိုလ်ချုပ်မှူးကြီးနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ တွေ့ဆုံမှုများသည် တပ်မတော်၏ ပုံမှန်လုပ်ရိုးလုပ် စဉ် တခုဖြစ်သော်လည်း ထူးခြားသည့် ကိစ္စရပ်တခု မဟုတ်ကြောင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီ ကျု့(MIPS) မှ အလုပ် အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာမှာလည်း နံပတ်၁ က ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ဖို့အတွက် သူတို့ ဘက်က ဆန္ဒရှိတယ်။ အားပေးတယ် ဆိုတာကို ပေါ်လွင်အောင် ပြောချင်တဲ့ သဘောတခု ရှိတယ်။ ဒီလို ထလုပ်တာက အခု အစိုးရနဲ့ တပ်မတော်နဲ့ ကြားထဲမှာ ဖြစ်နေတဲ့ တင်းမာမှုတွေ အပေါ်မှာ အခြေခံ ပုံရတယ်” ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ အားနည်းချက်များကို အစိုးရက တာဝန်ခံရမည် ဟူသော တပ်မတော်၏ ထုတ်ပြန်ချက်များ သည် လူထုကို ခြောက်လန့်ခြင်းနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် အထောက်အကူ မပြုကြောင်း အစိုးရ၏ ပြောဆို စွပ်စွဲချက်များကို ပြန်လည် တုံ့ပြန်ခြင်းလည်း ဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပြုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများကို စစ်သည်နှင့် မိသားစုဝင်များ မဲပေးရာတွင် လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ဂရုစိုက် ဆောင်ရွက်ပေးကြရန်လည်း ညွှန်ကြားသွားသေးသည်။
ယခုလာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဦးဆုံး အကြိမ်အဖြစ် တပ်မဲရုံ အများစုကို တပ်ပြင်ပသို့ ထုတ်ကာ တပ် မတော်သားများနှင့် မိသားစုဝင် မဲဆန္ဒရှင်များက မဲပေးကြရမည် ဖြစ်သည်။
စစ်တွေ တပ်နယ်မှ တပ်မတော်သားတဦး “ကျနော်တို့ကတော့ တပ်ရှေ့က ကျေးရွာအုပ်စုမှာ ကြိုတင်မဲတွေ သွားပေးလိုက် ပါပြီ။ မိသားစုဝင်တွေရော ပါတယ်။ အသုတ်လိုက် သွားပေးရတာ။ ဘယ်ပါတီကို မဲပေးရမယ် ဆိုတာတော့ မရှိဘူး။ လွတ် လွတ်လပ်လပ်ပဲ ကိုယ်ပေးချင်တဲ့ ပါတီကိုပေးလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ မဲရုံမှာ လက်မှတ်ထိုးပြီးတာနဲ့ ဒီအတိုင်း တံဆိပ် နှိပ်လိုက်တာပဲ။ မှားမှား၊ မှန်မှန်မသိဘူး။ ကျနော် တို့က ရွေးကောက်ပွဲ လုပ်တိုင်း ခြင်္သေ့ကိုပဲ ပေးနေကျဆိုတော့ ဒီနှစ်လည်း ခြင်္သေ့နေရာမှာပဲ တံဆိပ်နှိပ်လိုက်တာပဲ” ဟု ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုချက်သည် ၎င်းတို့နှင့် မူဝါဒချင်း နီးကပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုသာ မဲပေးရန် သွယ်ဝိုက် ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လည်း သုံးသပ်သည်။
၎င်းက “အဓိပ္ပာယ်ကတော့ ဒို့တာဝန်အရေး သုံးပါးကို လက်ခံကြ။ အဲဒီဟာကို လက်ခံတဲ့ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံကြ ဆိုတဲ့ သဘောပဲပေါ့ ” ဟု ဆိုသည်။
တပ်မတော်သားများနှင့် စစ်သည်များ ဆန္ဒမဲပေးရာတွင် ကိုဗစ်ကာလ ဖြစ်နေခြင်းကြောင့် ကျန်းမားရေးနှင့် အားကစား လမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြား ချက်များနှင့်အညီ တိတိကျကျ လိုက်နာက လုံခြုံရေးကို ဆောင်ရွက်ပေးရန်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုလိုက်သေးသည်။
ရန်ကုန်မြို့နေ တပ်မတော်သား မိသားစုဝင် အလယ်တန်းပြ ကျောင်းဆရာမ တဦးက “တခြား နိုင်ငံရေး အကြောင်းအရာ တွေတော့ သိပ်မသိပါဘူး။ တပ်ထဲမှာ ဘယ်ပါတီကို မဲထည့်ပါတို့ ဘာတို့ ပြောတာတော့ မရှိပါဘူး။ ကျမက ပညာရေး ကဏ္ဍမှာ တာဝန် ထမ်းဆောင်နေရတာ ဆိုတော့ ဘယ်အစိုးရ လက်ထက်မှာ ဒီကဏ္ဍ ပြောင်းလဲတိုးတက်လာလဲဆိုတာ သိသာတာပဲလေ ပိုကောင်းအောင် လုပ်ပေးနေတဲ့ ပါတီကို မဲပေးမှာပါ ” ဟု ဆိုသည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးကောက်ပွဲတွင် အဖုအထစ်မဖြစ်စေဘဲ ချောချောမွေ့မွေ့ အောင်မြင်စေ ရန်၊ မဲပေးသည့်အခါ လွတ်လပ်ပြီး တရားမျှတသည့် မဲပေးမှုဖြစ်ရန် အားလုံး ဝိုင်းဝန်း ကြိုးစားရရန်လည်း ပြောဆိုသွားသည်။
You may also like these stories:
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို
ရွေးကောက်ပွဲ၌ ရခိုင် တပ်မဲရုံများကို စောင့်ကြည့်ရန် အခက်ခဲရှိဟု အရပ်ဘက်အဖွဲ့များဆို
တပ်ချုပ်နှင့် တပ်မတော်၏ ထုတ်ပြန်ချက် ဥပဒေနှင့် မညီဟု သမ္မတရုံး တုံ့ ပြန်