ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးဆို သည့် ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်လိုသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သတင်းစာ တစောင်ဖြစ်သည့် အဆာဟိရှင်ဘွန်း သတင်းစာ၏ မေးမြန်းချက်များ ကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် ယင်းအင်တာဗျူး အပြည့်အစုံကို တပ်မတော် သတင်း
မှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီတခုကို ထောက်ခံ၊ မထောက်ခံဆိုတာကတော့ ၎င်းတို့ပါတီတွေရဲ့ နိုင်ငံရေး ဦးတည်ချက် နဲ့ လုပ်ဆောင်ချက်တွေကိုပဲ ကြည့်ရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိ နိုင်ငံရေး အခြေအနေအရ တပ်မတော်သည် ၎င်းတို့ တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါ တီနှင့် အဆင်ပြေလျက် ရှိပြီး ရွေးကောက်ပွဲ အဆက်ဆက်တွင်လည်း သုတေသနပြုချက်များအရ ကြံ့ခိုင်ရေးပါတီသည် တပ်မတော်မဲ အများစုကို ရရှိခဲ့သည်။
ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က“နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဦးတည်ပြီး တော့မှ ဆောင်ရွက်တဲ့နေရာမှာ အမြင်ချင်းတူတာလည်း ပါတာပေါ့။ အဓိကကတော့ အတွေးအခေါ်ချင်းလည်း တူတယ်။ အဲဒါက အဓိကအချက်လို့ ကျနော်တို့ ထင်တယ်”ဟု ပြောသည်။
NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က တပ်မတော်က ကြွေးကြော်နေတဲ့ ဒို့တာဝန် အရေး ၃ ပါးကို NLD ကလည်း ထောက်ခံပြီး ယင်းမူဝါဒနှင့်ပင် အတူ သွားနေခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စကို အထူးအဆန်း လုပ်၍ ပြောစ ရာ အကြောင်း မရှိကြောင်း ပြောသည်။
သို့သော် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်တို့ ပို၍ နီးစပ်သည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ရပ်တည်ချက်အပေါ် မူတည်ပြီး ၂ ဘက် ပူးပေါင်းဆောင်ရွက်ကြသလို တဦးနှင့်တဦး ထောက်ခံနေကြသည်မှာလည်း သိပ်ပြီး မဆန်းကြောင်း လည်း မုံရွာအောင်ရှင်က ပြောသည်။
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်
ချက်များနှင့် ကြိုတင်မဲပေးသည့် ကာလအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများပေါ် မူတည်၍ လက်ရှိ NLD အစိုးရနှင့် တပ်မတော်တို့အကြား အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
“အခုလောလောဆယ်အချိန်မှာတော့ ဒီလိုပွတ်တိုက်လည်း ရှိချင်လည်းရှိမှာပေါ့ဗျာ။ အားလုံးကတော့ အမြဲတန်း စင်းလုံး ချောတော့ ဖြစ်မလာဘူးပေါ့။ အဲဒီပွတ်တိုက်မှုတွေ အားလုံးကနေပြီးတော့ သင်ခန်းစာယူပြီးတော့ ကျနော်တို့ ထပ်ပြီးတော့ အမှန်အတိုင်းဖြစ်အောင် လုပ်ကြရမှာပါ”ဟု မုံရွာအောင်ရှင်က ဆက်ပြောသည်။
တပ်မတော်အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၀ တွင် တကြိမ် တပ်မတော်က ဦးဆောင် ကျင်းပပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဦးတင်အေး ကော်မရှင်ကလည်း တရားမျှတ သည့် ရွေးကောက်ပွဲတခု ကျင်းပပေးနိုင်ခဲ့ကြောင်း တပ်ချုပ်က ပြောသည်။
“အခု ၂၀၁၆ မှာ တက်လာတဲ့ အစိုးရနဲ့ ဦးလှသိန်း ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ မတ်လမှာ ဖွဲ့ စည်းပေးခဲ့တယ်။ ဒါကြောင့် ပြင်ဆင်ချိန်များစွာ ရရှိခဲ့တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လို တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်သတင်းစာသို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲသည် အကယ်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မည်သို့ တာဝန်ယူ ဖြေရှင်းပေးမလဲ” ဆိုသည့် မေးခွန်းကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ကိုယ်စားလှယ်များက သွားရောက် မေးမြန်း ခဲ့သေးသည်။
ပါတီများက ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပေးရန်၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ ဝင်များကို ဖြုတ်၍ အသစ်လဲပေးရန်၊ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော်က မည်သို့ တာဝန်ယူမလဲဆိုသည့် မေးခွန်းကို ဖြေကြားရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NLD အစိုးရနှင့် တပ်မတော်တို့ကြားတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ကိုဗစ် – ၁၉ အရေး ကူညီမှုများ ပြုလုပ်ရေး၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူမှု မရှိခြင်း စသည့် အကြောင်းအရာ တော်တော်များများတွင် သ ဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီး ယခု ရွေးကောက်ပွဲ ဖြစ်စဉ်အထိ နှစ်ဖက် ပြဿနာများ ရှိနေဆဲ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များသည် ဒီမိုက ရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်း စည်းလုံး ညီညွတ်ရေး၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ထိခိုက်စေကြောင်း တပ်မတော်က ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် NLD ပါတီ အာဏာရလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အင်္ဂါစဉ် နံပါတ် ၂ သို့ ပို့မည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဌာန်းစဉ်ကလည်း တပ်မတော်က အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။
၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည့် လက်ရှိအချိန်အထိ အစိုးရနှင့် တပ်မတော်တို့ အပြန်အလှန် ပြစ်တင်ဝေဖန်မှုများကို နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြပြီး ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းတွင်ပါ စိုးရိမ် မှုများ၊ မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
You may also like these stories:
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်
တပ်ချုပ်နှင့် တပ်မတော်၏ ထုတ်ပြန်ချက် ဥပဒေနှင့် မညီဟု သမ္မတရုံး တုံ့ ပြန်
နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ