ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာတွင် နိုဝင်ဘာလ ၅ ရက်က ကြိုတင်ပေးရာ၌ မဲစာရွက်တွင် တံဆိပ်တုံး ရိုက်ပြီးသား မဲအချို့ပါသဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတို့ အကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိ သည်။
အဆိုပါ မဲစာရွက်၌ ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း နေရာ တွင် ကြိုတင်ပြီး မဲတံဆိပ်တုံး ရိုက်နှိပ်ထားခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ထံက သိရသည်။
အမြင့်ကျွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောသန်းမောင် “မနေ့က ကြိုတင်မဲ ပေးနေတဲ့အချိန်မှာ မဲထည့်ဖို့လာတဲ့ လူတ ယောက်က တံဆိပ်တုံး ထုပြီးသား မဲစာရွက်ကို တွေ့တယ်။ အဲဒီတော့ အဲဒီလူက မဲစာရွက်ကို ယူပြီးတော့ ကျနော့်ဆီကို လာအပ်တယ်။ ကျနော်ကလည်း သိမ်းထားလိုက်တယ်။ အဲဒီ တံဆိပ်တုံး ရိုက်ထားတာကတော့ ရခိုင့်ဦးဆောင်ပါတီ ကျော် ကိုကိုလင်း နာမည်မှာ မဲတံဆိပ်တုံး ထုပြီးသားပါတယ်။ မဲစာရွက်က ၁၅ ရွက် ဖြစ်နေတယ်” ဟု ပြောသည်။
ယင်းသို့ မဲတံဆိပ် အငြင်းပွားမှုု ဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် ပါတီအသီးသီး က တာဝန်ရှိသူတို့ ရောက်ရှိလာပြီး စိစစ်မှုများပြုလုပ်ခဲ့ကြောင်း ဦးစောသန်းမောင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “မကြာခင်မှာပဲ ပါတီတွေက လူတွေ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ကလည်း ရွာကို ရောက် လာတယ်။ မြို့နယ် ကော်မရှင်ဘက်ကတော့ ကျေးရွာက မဲရုံ တာဝန်ရှိသူတွေကို စစ်ဆေးမှု၊ စိစစ်မှုတွေ ပြုလုပ်ခဲ့တယ်” ဟု ဆိုသည်။
စစ်တွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာအောင်က ဖြစ်စဉ်မှာ မှန်ကန်ပြီး အဆိုပါကိစ္စကို ပြည်နယ် ရွေးကောက်ပွဲ စိစစ်ညှိနှိုင်းရေး ကော်မတီဖြင့် အစည်းအဝေး လုပ်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီ သို့ ပြောသည်။
ဦးစံသာအောင်က “ဖြစ်စဉ်ကတော့ ပါတီတခုရဲ့ ကိုယ်စားလှယ်လောင်း တဦး နာမည်က မဲကပ်ပြားမှာ UEC တံဆိပ်တုံး ရိုက်ထည့်ထားတဲ့ ကိစ္စနဲ့ အငြင်းပွားနေကြတာ။ အဲဒီကိစ္စကို ပြည်နယ် ရွေးကော် စိစစ် ညှိနှိုင်းရေးကော်မတီနဲ့ တခုခုဆုံး ဖြတ်ပြီးမှ သေချာပြောပြလို့ရမယ်ဗျာ။ တံဆိပ်တုံး ထုပြီးသား စာရွက်ကတော့ ၁၅ ရွက် တွေ့တယ်။ ကျန်တာတွေ ကိုတော့ ပြောလို့ မရသေးဘူး ” ဟု ဆိုသည်။
ယင်းသို့ တံဆိပ်တုံးမှာ ရခိုင့် ဦးဆောင်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာတွင် ကြိုတင် ရိုက်နှိပ်ထား သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဦးခင်နုက “အဲဒီ သတင်းကိုတော့ ကြားရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တာလဲ မသိရသေးဘူး။ လေ့လာစုံစမ်းနေတုန်းပဲ ရှိသေးတယ်လို့ ပြောလို့ရတယ်” ဟု ဆိုသည်။
ပြည်သူများ အနေဖြင့် လွတ်လပ်စွာ မိမိနှစ်သက်သည့် ပါတီကို ရွေးချယ် မဲပေးစေရန်အတွက် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ယင်းသို့ဖြစ်စဉ်များကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ANP လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်သူ ဦးထွန်းအောင်ကျော်က “ရွေးကောက်ပွဲဆိုတာ ပြည်သူတို့ရဲ့ဆန္ဒနဲ့ မိမိနှစ်သက်တဲ့သူ၊ ပါတီတွေကို မဲထည့် ပြီး အစိုးရပေါ်ပေါက်ဖို့ တင်မြှောက်ကြတာ။ အဲဒါကို မှန်ကန်ပြီးတရားမျှတအောင် သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့်က လွတ်လပ်စွာ ဆောင်ရွက်ပေးသင့်တယ်။ အခု မလျှော်မကန်တဲ့ မဲစာအုပ်မှာ ကြိုတင်ပြီးတော့ ပါတီတခုကို အဆင်သင့် တံဆိပ်တုံး ထုထားတာကို လက်ခံနိုင်စရာ အကြောင်း မရှိဘူး ” ဟု ဆိုသည်။
အလားတူ ယခုကိစ္စမျိုးမှာ လာမည့် နိုဝင်ဘာ ၈ ရက်တွင် မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများအတွက်လည်း စိတ်အနှောင့် ယှက်တခုဖြစ်သည့်အတွက် ယင်းသို့ မဲမသမာမှုများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူရမည် ဖြစ် ကြောင်း ဒေသခံများကြား ဝေဖန်မှုများလည်း ရှိနေသည်။
မဲဆန္ဒရှင် အမြင့်ကျွန်း ကျေးရွာသား ကိုခိုင်စောထွန်းက “ဒီကိစ္စကတော့ ရပ်ကျေးရွေးကော်က လာတာလား။ မြို့နယ် အဆင့်က ရိုက်ပြီးသား လာတာလားဆိုတာကို သေချာမသိရဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အတွက် ဒီလိုကိစ္စမျိုးတွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်မှာလည်း အနှောင့်အယှက် ဖြစ်စေတယ်။ ကျနော်ကတော့ မဲဆန္ဒရှင် တယောက်အနေနဲ့ ဒီဖြစ်စဉ်တွေဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်။ ဘာပဲပြောပြော ဒီလို မသမာမှုတွေကို ကော် မရှင်ဘက် တာဝန်ယူရမယ်” ဟု ဆိုသည်။
အမြင့်ကျွန်း ကျေးရွာသည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း နယ်စပ် ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် တည်ရှိပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၇၀၀ ခန့် ရှိသည့်အထဲမှ လူ ၃၀၀ ကျော်မှာ ကြိုတင် မဲပေးထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
မဲရုံ၌ NLD နှင့် USDP မဲရုံကိုယ်စားလှယ်များ ခိုက်ရန်ဖြစ်ပွားသဖြင့် အပြန်အလှန် အမှုဖွင့်
သံတွဲ၌ ကြိုတင်မဲလက်မှတ် ၄၀၀ ကျော် မှားယွင်းသဖြင့် ပြန်လည်ကောက်ယူရန်စီစဉ်