သောကြာနေ့မနက်က အကြိတ်အနယ်ဖြစ်နေသော ပြည်နယ်များထဲ ဂျော်ဂျီယာ ပြည်နယ်မှ မဲများရေတွက်ရာ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က သမ္မတ ဒေါ်နယ်ထရမ့်ကို ဖြတ်ကျော်တောက်လာပြီး အခြားအရေးပါသည့် ပြည်နယ်၂ ခုတွင်လည်း ဘိုင်ဒင်က ဦးဆောင်နေသည်။
ညသန်းခေါင်အချိန်အထိ မဲ ၁၆၀၀၀ မဲခန့်ကို ဆက်လက်ရေတွက်ရန် ကျန်နေသေးချိန်တွင် ထရမ့်က မဲ ၁၈၀၀ အသာဖြင့်ဦးဆောင်နေသည်။ သို့သော် အတ္တလန်တာပြည်နယ် ကလေတွန် ခရိုင်မှ မဲများကို စတင်ရေတွက်သော အခါ ဘိုင်ဒင်က မဲ ၉၁၇ မဲအသာဖြင့် ဦးဆောင်သွားသည်။
ဘိုင်ဒင်က ဦးဆောင်နေစဉ်မှာပင် ဂျော်ဂျီယာရှိ ကျန်မဲများသည်လည်း ဘိုင်ဒင်ကို ထောက်ခံသည့် အခြေအနေတွင် ရှိနေသည်။ အဓိက သတင်းမီဒီယာများက ဂျော်ဂျီယာမဲကို အပြီးသတ် ဆုံးဖြတ်ကြေညာခြင်း မရှိသေးပေ။ ကျန်ရှိနေသေးသောမဲ ၈၈၀၀ မှ ပြည်ပနှင့် စစ်ဖက်မှမဲများဖြစ်ပြီး ထိုမဲများသည် သောကြာနေ့နောက်ဆုံး စာတိုက်မှ ရောက်ရှိရမည်ဖြစ်သည်။
နောက်ဆုံး ဘိုင်ဒင် အသာစီးရသော အရေအတွက်မှာ ၀.၅ ရာခိုင်နှုန်းသာရှိပြီး ပြန်လည်ရေတွက်ရန် အခြေအနေဖြစ်သွားစေနိုင်သည်။ ဂျော်ဂျီယာတွင် ဘိုင်ဒင်အနိုင်ရကြောင်း ကြေညာရန်မှာ ရက်ပေါင်းအတန်ကြာ သို့မဟုတ် ရက်သတ္တပတ် အတန်ကြာမည်ဖြစ်ကြောင်း NBC သတင်းဌာနက ကြာသပတေးနေ့တွင် ကြေညာသည်။
ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယားတွင်လည်း အသာစီးရရန် အားယူနေသည်။ သန်းခေါင်အချိန်အထိတွင် ထရမ့်၏ အသာစီးရမှုသည် ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ၂၂၀၀၀ မဲခန့်သာ အသာရရှိတော့သည်။ မဲများ၏ ၉၅ ရာခိုင်နှုန်းကို ရေတွက်ထားပြီးဖြစ်သည်။ သို့သော် ၃၆၆၀၀၀ မဲကို မရေတွက်ရသေးဘဲ ထိုမဲများမှာ ဖီလာဒဲလ်ဖီးယားနှင့် ပစ္စဘတ်မှဖြစ်ကာ ဘိုင်ဒင်ကို အကြီးအကျယ် ထောက်ခံမည်ဟု မျှော်လင့်ရသည်။
ပင်ဆယ်ဗေးနီးယားတွင် ဘိုင်ဒင်က ထရမ့်ကို ညတွင်းချင်း ကျော်တက်ပြီး ထိုအသာစီးရမှုကို ထိန်းထားနိုင်ပါက ရွေးကောက်ပွဲတွင် အောင်နိုင်သူကို မကြာမီ ကြေညာနိုင်မည်ဖြစ်ကြောင်း သတင်းဌာနများကဆိုသည်။
ဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယား သို့မဟုတ် အရီဇိုးနား၊ နီဗားဒါးနှင့် ဂျော်ဂျီယာ ပြည်နယ် ၃ ခုအနက် နှစ်ခုတွင် နိုင်လျှင် အိမ်ဖြူတော်သို့ရောက်မည်ဖြစ်သည်။
အရီဇိုးနားနှင့် နီးဗားဒါးမှ မဲများမှာ ပြတ်ပြတ်သားအနိုင်ရသူမရှိသော်လည်း ဘိုင်ဒင်က အနည်းငယ် အသာစီးရနေသည်။
သို့သော် ထရမ့်နှင့် သူ၏မဲဆွယ်အဖွဲ့ကလည်း သူတို့အနိုင်ရကြောင်းကြေညာထားပြီး အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ပြည်နယ်များတွင် မဲရေတွက်မှုရပ်ဆိုင်းရေးအတွက် တရားရုံးမှတဆင့် ဆောင်ရွက်ရန်ကြိုးစားနေသောကြောင့် လာမည့်ရက်အနည်းငယ်သည် ရုတ်ရုတ်သဲသဲဖြစ်နေမည့် ရက်များဖြစ်နိုင်သည်။
ထရမ့်က ပင်စယ်ဗေးနီးယား၊ မီချီဂန်နှင့် ဂျော်ဂျီယာတို့တွင် မဲရလဒ်များနှင့် ပတ်သက်ပြီး တရားစွဲထားသည်။
ကိုးကား။ ။ AFP, BBC
You may also like these stories:
ဂျိုးဘိုင်ဒင် မဲအသာရနေပြီး ထရမ့်က မဲရလဒ်အပေါ် တရားစွဲ
အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ
ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ