ပဲခူးတိုင်း၊ ပဲခူးမြို့ ရပ်ကွက်ကြီး (၇) အုန်းတောလမ်းအနီးရှိ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီဝန်းကျင် ၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပေါ် အများက ဝိုင်းဝန်း ဝေဖန်နေချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယခုပေါက်ကွဲမှုသည် တိုင်းကော်မရှင်ရုံးအဆောက်အအုံ၏ အရှေ့ဘက် အောက်ခြေရှိ ရေမြောင်းအနီးတွင် ဖြစ်ပွားခြင်းဖြစ်သည်။
“ပေါက်ကွဲသံကြားပြီးတဲ့နောက် ထွက်ကြည့်တဲ့အချိန်မှာ စာရွက်တွေပျံ့ ကြဲပြီးတော့ စာရွက်အချို့က မီးလောင် နေတယ်။ ပေါက်ကွဲတဲ့ အနေအထားကိုကြည့်လိုက်ရင် ဗုံးလို့တော့ ယူဆလို့ မရဘူးပေါ့။ အသံမြည်တဲ့ မိုင်းတခုခုလို့ ယူဆလို့ရပါတယ်” ဟု ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ၊ လက်ရှိအချိန်တွင် မိုင်းရှင်းလင်းရေးတပ်ဖွဲများ၊ ရဲတပ်ဖွဲ့ဝင် များ ရောက်ရှိကာ လုံခြုံရေးဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။
မိုင်းပေါက်ကွဲသဖြင့် မီးလောင်သွားသော စာရွက်များသည် ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံး၏ စာရွက်များ မဟုတ်ကြောင်း ဦးမင်းသက်နောင်က ရှင်းပြသည်။
“ပုံးအခွံတွေတွေ့တယ်။ တိုင်းဒေသကြီးကော်မရှင်ကို လိပ်မူပြီး ရေးထားတဲ့ စာတွေကို တွေ့ရတယ်။ ဒါပေမယ့် တိုင်းဒေသကြီးကော်မရှင်ကို လိပ်မူထားတဲ့ စာတွေက ကျနော်တို့ ရုံးတွေမှာ သုံးတဲ့ ရုံးစာပုံစံမဟုတ်ဘူး။ ရည်ရွယ်ချက်ကတော့ တိုင်းကို စာလာပို့တဲ့ သဘောနဲ့ လာတာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ပြီးရင် လူမမြင်တဲ့ နေရာမှာ ချခဲ့တာဖြစ်ပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။
ပေါက်ကွဲမှု ဖြစ်သည့် တိုင်းကော်မရှင်ရုံး၏ ဘေးတွင်နေထိုင်သူ မခိုင်ခိုင်သန်းကလည်း ပေါက်ကွဲမှုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ဧရာဝတီသို့ ပြောပြသည်။
“အဲဒီအချိန်ကလည်း မိုးတွေက ခြိမ်းနေတော့ မိုးကြိုးပစ်တယ် ပဲထင်တာပါ။ ထွက်ကြည့်လိုက်တော့ မီးခိုးတွေ ထွက်နေတာပဲ တွေ့တာ။ အဲဒါကြောက်လို့ အိမ်ထဲပဲ ပြန်ဝင်နေတာ။ ကျန်တာကတော့ ရဲတွေလာမှပဲသိရတာ။ အရမ်းလန့်သွားတာပဲ” ဟု ၎င်းက ပြောဆိုသည်။
ပေါက်ကွဲမှုသည် မည်ကဲ့သို့သော ပေါက်ကွဲမှုဖြစ်သည်ကို ရဲတပ်ဖွဲ့ထံ ဧရာဝတီက မေးမြန်းကြည့်ရာ လက်ရှိ ကာလတွင် မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ အတိအကျ မပြောနိုင်သေးကြောင်း၊ စုံစမ်းပြီးပါက သတင်းထုတ်ပြန်သွားမည်ဟု လုံခြုံရေးတာဝန်ယူထားသည့် ဒုရဲအုပ်တဦးက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း နေပြည်တော် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဌ၏ နေအိမ်တွင် လက်ပစ်ဗုံးတွေ့ခဲ့ပြီး၊ ယင်းလက်ပစ်ဗုံး တွေ့ရှိမှုနှင့် ပတ်သက်၍ ဟိန်းဝေယံဆိုသူက မည်သူမည်ဝါ၏ လက်ချက်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုထားသလို ပြီးခဲ့သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် အရေးယူရန် ပြင်ဆင်နေကြောင်း ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
You may also like these stories:
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့