ရခိုင်ပြည်နယ်အတွင်း မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် မဲရုံများ၌ အထူးရဲအင်အား ၇၄၈ ဦးဖြင့် လုံခြုံရေး ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
ဦးသူရိန်ထွဋ်က “လုံခြုံရေးကတော့ စိုးရိမ်စရာ မရှိပါဘူး။ အားလုံး အခြေအနေ ကောင်းပါတယ်။ မဲရုံတွေကို စောင့်ကြပ်ဖို့ အတွက် တပြည်နယ်လုံး အထူးရဲအင်အား ၇၄၈ ဦးနဲ့ ပြင်ဆင်ထားတာရှိတယ်။ နောက်တခါ အတွင်းစည်းမှာ နယ်မြေခံ ရဲတွေ၊ အပြင်စည်းမှာ တပ်မတော်က လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ တောင်ကုတ်မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် အထူးရဲ အင်အား ၁၈၉ ဦးနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လုံခြုံရေး အစီအမံများကို ဆောင်ရွက်ထားရှိကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်က ပြော သည်။
ရဲမှူးသန်းနိုင်က “ရွေးကောက်ပွဲအတွက် စီမံချက်တွေ ချထားပါပြီ။ မဲရုံအတွက် အထူးရဲ ၁၈၉ ဦးနဲ့ အတွင်းစည်းမှာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်ရယ်။ အပြင်စည်းမှာ တပ်မတော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်သွားဖို့ စီစဉ် ဆောင်ရွက်ထား ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ကြွေအေးကမူ “ရွေးကောက်ပွဲနေ့ ကျတော့ လုံခြုံရေးက ဘယ်လိုလာမလဲ ဆိုတာတော့ မသိဘူးဗျ။ ကျနော်တို့ မဲဆွယ်စည်းရုံးရေးကာလမှာတော့ လုံခြုံ ရေးက သိပ်အားမရဘူး။ ရဲတပ်ဖွဲ့ဝင်တွေက သတင်းယူဖို့လောက်ပဲ လုပ်နေတာကို တွေ့တယ်။ လုံခြုံရေး ကိစ္စနဲ့ ပတ်သက်ပြီး ကျန်တာ ဘာမှဆောင်ရွက်တာ မတွေ့ရဘူး” ဟု ဆိုသည်။
လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် တနိုင်ငံလုံး ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းက မြို့နယ် ၉ မြို့နယ်နှင့် တခြားမြို့နယ် ရှိ ရပ်ကွက်ပေါင်း ၁၀ နှင့် ကျေးရွာအုပ်စု ၃၀ ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာခဲ့သည်။
နယ်မြေလုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများစာရင်းတွင် ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ မြို့နယ် အတွင်း ရှိ ကျေးရွာအုပ်စု ၄ အုပ်စု ၊ ကျောက်ဖြူမြို့ နယ်ရှိ မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာအုပ်စု ၅၀ နီးပါး၊ တောင်ကုတ်မြို့ နယ် အတွင်းရှိ ကျေးရွာအုပ်စု ၅၀ ကျော် အပြင် အမ်းမြို့နယ် ရှိ မြို့ပေါ် ရပ်ကွက်တချို့နှင့် ကျေးရွာအုပ်စု ၂၀ ကျော် ပါဝင်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် စစ်တွေမြို့နယ်မှ အပ မြောက်ပိုင်းမြို့နယ်တခြမ်းလုံးကို ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားပြီး ရခိုင် တောင်ပိုင်းမှ သံတွဲ၊ ဂွ၊ မာန်အောင်နှင့် ရမ်းဗြဲ မြို့ နယ် ၄ မြို့နယ်သာ အပြည့်အဝ ကျင်းပနိုင်တော့မည် ဖြစ်သည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၈၅ ဦး ရှိပြီး ပြည်နယ် ကော်မရှင်က မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားကာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
You may also like these stories:
ပြည်နယ်နှင့် တိုင်းများတွင် ကြိုတင်မဲ ပြဿနာများ ဖြစ်ပွား
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေါက်ကွဲမှုဖြစ်
ကြိုတင်မဲတွင် တံဆိပ်တုံး ရိုက်နှိပ်ထားခြင်းကြောင့် စစ်တွေတွင် အငြင်းပွားမှုဖြစ်နေ