လာမည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံပေါင်း ၅၈၀၉ ရုံ အတွက် အထူးရဲအပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀၀၀ ကျော် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ ၁၀၀၀ ကျော်၊ အခြားအဆင့်မှ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကျော် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀ ကျော် နှင့် အထူးရဲ ၅၈၀၉ ဦး (မဲရုံတရုံ ၁ ယောက်နှုန်း) တို့က မဲရုံအလိုက် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အားလုံး ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြောရေးဆို ခွင့်ရှိသူ ဦးကျော်မိုးကြည်က ဧရာဝတီကို ပြောသည်။
အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များအပြင် မဲရုံတာဝန် အင်အားအနေဖြင့် မဲရုံ ၁ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲ လက်မှတ်ထုတ်ပေးသူ၊ မှင်တို့သူ စသည့် မဲရုံတွင်းအင်အား ၈ ဦးဖြင့် မဲရုံပေါင်း ၅၈၀၉ ရုံအတွက် ၄၆,၄၇၂ ဦး ရှိမည်ဖြစ်ပြီး မဲရုံအပြင်ဘက်၌လည်း မဲလာပေးသူများအား အပူတိုင်းတာခြင်း၊ လက်သန့်ဆေးရည် ဖျန်းပေးခြင်း၊ ပါးစပ် နှာခေါင်းစည်း ပေးမည့်သူများလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။
ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာ မဲပေးနိုင်ရေးသည် အရေးကြီးပြီး တာဝန်ရှိသူများကလည်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားရန်၊ ပြည်သူများ စိတ်လုံခြုံစွာ မဲပေးနိုင်ရေး စီစဉ်ပေးရန် လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်စွာဦးက ပြောသည်။
ဒေါက်တာ ကျော်စွာဦး က “လက်ရှိ ကပ်ရောဂါကလည်း အရေးကြီးသလို ရွေးကောက်ပွဲကလည်း နိုင်ငံအတွက် အရေးကြီးတာပေါ့။ အရေးကြီးတဲ့ ဖြစ် စဉ်နှစ်ခုကို တပြိုင်နက်တည်း သွားနေရတဲ့အတွက် တတ်နိုင်သလောက် ကျန်းမာအောင်နေပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာပြီးတော့ မဲရုံကိုသွားပြီး မဲပေးဖို့ တိုက်တွန်း လိုပါတယ်။ လုံခြုံရေးပိုင်းမှာ လည်း သက်ဆိုင်ရာက ဒီထက်ပိုတင်းကျပ်ပြီး တာဝန်ယူပြီးတော့ အောင်မြင်စွာ ကျင်းပပေးဖို့၊ ပိုပြီးဂရုစိုက်ပေးဖို့ လိုပါ တယ်” ဟု တိုက်တွန်းပြောဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ၂ ရက်အလိုတွင် ပဲခူးမြို့ပေါ်က တိုင်းကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့ မွန်းလွဲပိုင်း ၃ နာရီခန့်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ပြည်သူများ အကြား ရွေးကောက်ပွဲနေ့အတွက် အနည်းငယ် စိုးရိမ်ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။
လှိုင်သာယာမြို့နယ်မှ မဲရုံတာဝန်ကျ ၁ ဦးဖြစ်သူ ဦးမျိုးအောင်က “ကိုဗစ်အတွက်ကတော့ ပါးစပ်နှာခေါင်းစည်းတပ် ကျန်း မာရေး ညွှန်ကြားချက်တွေကို လိုက်နာရင် သိပ်မစိုးရိမ်ပါဘူး။ ဒါပေမယ့် ပဲခူးက သတင်းကို ဒီနေ့ကြားရတော့ မဲရုံသွားရ မှာတောင် နည်းနည်းလန့်နေတယ်” ဟု ပြောပြသည်။
ရန်ကုန်တိုင်းအတွင်းရှိ မဲရလဒ်များကို နိုဝင်ဘာ ၈ ရက်နေ့ မဲရုံများ ပိတ်သိမ်းပြီး၊ မဲများရေတွက်ပြီးချိန် သက်ဆိုင်ရာ မဲရုံများ က တိုင်းကော်မရှင်သို့ ပေးပို့မည်ဖြစ်ရာ ၎င်းတို့အနေဖြင့် စိစစ်အတည်ပြုပြီးနောက် ယင်းနေ့ည ၁၂ နာရီအချိန်ထိ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပြီး စိစစ်အတည်ပြုပြီးသမျှ မြို့နယ်များကို တခုချင်း ကြေညာသွားမည်ဖြစ်ရာ ၃ ရက်ခန့်ကြာ မြင့် မည်ဟု မှန်းထားကြောင်း၊ သတင်းမီဒီယာများ အနေဖြင့် ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက် သတင်းရယူ နိုင်ကြောင်း ဦးကျော်မိုးကြည်က ပြောသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခေါ်ယူခဲ့ပြီး အောက်တိုဘာ ၁ ရက်မှစ၍ ၂၈ ရက်ကြာ သင်တန်းပေးခဲ့ကြောင်း သိရသည်။
You may also like these stories:
ရခိုင်ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၇၀၀ ကျော် သုံးမည်
ပြည်နယ်နှင့် တိုင်းများတွင် ကြိုတင်မဲ ပြဿနာများ ဖြစ်ပွား
ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေါက်ကွဲမှုဖြစ်