ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်အားလုံး Stay At Home သတ်မှတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးပြီးသူ ၈ သိန်းခန့် ရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိ ရသည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မိုးကြည်က “အသက် ၆၀ အထက် မဲပေးခွင့် ရှိသူ က ၈ သိန်းကျော် ရှိတယ်။ မနေ့က စာရင်းချုပ်လိုက်ရင် ၈ သိန်းနီးပါး ရောက်သွားမယ်။ အသက် ၆၀ အထက်က ၉၀ ရာခိုင် နှုန်းကျော်ကျော် ကောက်နိုင်တယ်ပေါ့” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေအရ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်ဆန္ဒ မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြခြင်း ဖြစ်သည်။
အသက် ၆၀ အထက် သက်ကြီးရွယ်အိုများကို အိမ်တိုင်ရာရောက် သက်ဆိုင်ရာ မြို့နယ်/ရပ် ကွက် ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်မဲကောက်ယူရေး အဖွဲ့များက ဆန္ဒမဲ လိုက်လံကောက်ခဲ့သလို သက်ဆိုင်ရာမဲရုံများ သို့ ကိုယ်တိုင် သွားရောက်ပေးသူများလည်း ရှိကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် ဦးခင်မောင်ကြွယ်က “မဲရုံကို သွားစရာမလိုတော့ အဆင်ပြေတာပေါ့။ အခု ကိုဗစ်ကလည်း လူနာတွေရော၊ သေဆုံးတွေရော တိုးနေတာဆိုတော့ လူစုလူဝေး ဖြစ်မယ့်ဟာကို ရှောင်တာအကောင်းဆုံး ပဲလေ” ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ ဆေးရုံတက်နေရသူ၊ အချုပ်ကျနေသူများ၊ ရွေးကောက်ပွဲနေ့တွင် အရေးကြီးတာဝန် ထမ်းဆောင်ရန် ရှိသူများ အနေဖြင့် နိုဝင်ဘာ ၆၊ ၇ ရက်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မ ရှင် အခွဲ့များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ဦးကျော်မိုးကြည်က ရှင်းပြသည်။
ထို့ပြင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲ ဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မိမိတို့ရောက်ရှိနေသော မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ၌ ပုံစံ (၁၅) များ ရယူလျှောက်ထားပြီး ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က အောက်တိုဘာ ၈ ရက်နေ့တွင် အသိပေး ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ပုံစံ(၁၅)ဖြင့် လျှောက်ထားပြီး ကြိုတင်ဆန္ဒမဲပေးသူ ရန်ကုန်တိုင်းအတွင်း၌ ၅၀၀၀၀ ကျော်ရှိကြောင်း၊ Quarantine ဝင်ရောက်နေသည့် မဲဆန္ဒရှင်များလည်း ကြိုတင်မဲပေးနိုင်ပြီး စာရင်းမချုပ်ရသေးသဖြင့် အရေအတွက် အတိအကျ မထုတ် ပြန်နိုင်သေးကြောင်း ဦးကျော်မိုးကြည်က ပြောသည်။
ပုံစံ(၁၅)လျှောက်လွှာများ တင်သွင်းရာတွင် အောက်တိုဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရန်၊ မြို့နယ် ကော်မ ရှင် အဖွဲ့ခွဲများ အနေဖြင့် ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်ပါ စာအိတ်များကို နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ရန် UEC က ထုတ်ပြန်ထားသည်။
သို့သော် လျှောက်လွှာတင်သူက နောက်ကျ၍ဖြစ်စေ၊ ရုံးလုပ်ငန်းဆောင်ရွက်မှုများ ကြန့်ကြာနေ၍ဖြစ်စေ အကြောင်းအမျိုး မျိုးကြောင့် မဲပေးရန် မမီတော့ဘဲ မဲပေးခွင့် ဆုံးရှုံးမည့်သူများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ ၃၂ ဦး အပါအဝင် နိုင်ငံရေးပါတီ ၄၂ ပါတီမှ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၈၀၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲရုံပေါင်း ၅၈၀၉ ရုံ ရှိသည်။
ရန်ကုန်တိုင်းအတွင်း မဲပေးခွင့်ရှိသူ ၆၁ သိန်းကျော်အနက် ပထမဆုံးမဲပေးမည့်လူငယ် (first time youth voter) ၈ သိန်း ရှိကြောင်း သိရသည်။
You may also like these stories:
ရခိုင်ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၇၀၀ ကျော် သုံးမည်
ပြည်နယ်နှင့် တိုင်းများတွင် ကြိုတင်မဲ ပြဿနာများ ဖြစ်ပွား
ထိုင်းနိုင်ငံရှိ ဝင်းနှင့်ဇော်တို့အတွက် လိုအပ်ချက်များကို တပ်မတော် ကူမည်