တပ်မတော်အနေဖြင့် လူထုကို စိုးရိမ်ရစေရန် ခြိမ်းခြောက်ပြောဆိုခြင်းမျိုး မပြုလုပ်ပဲ ရွေးကောက်ပွဲကျင်းပပြီး သည့်နောက်တွင် အစိုးရသစ်ကို အာဏာလွဲပြောင်းမှုစနစ်တကျဖြစ်ရေးနှင့် တည်တည်ငြိမ်ငြိမ် ဖြစ်ရေးကို ဝိုင်းဝန်းကြိုးပမ်း ရန် လိုအပ်ပါသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဧရာဝတီကို ပြောသည်။
ABSDF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ် နေသည့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော် ဦးမျိုးဝင်းက “အာဏာလွဲပြောင်းနိုင်မှု စနစ်တကျနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အားလုံးဝိုင်းကြိုးပမ်းဖို့ လိုပါတယ်။ (တပ်မတော်အနေနဲ့) တိုင်းပြည်အတွက် ဒီ့ထက်ကောင်းမွန်တဲ့ နည်းလမ်းနဲ့ အကြံပြုလို့ ရပါတယ်။ ပြောတယ် ဆိုတဲ့ အနေအထားမှာ အားလုံးရင်ထဲခံစားရတာက ခြိမ်းခြောက်သလားပေါ့။ ဒီလိုဆိုတာထက် အပြု သဘော ဆောင်တာ မျိုး ဖြစ်သင့်ပါတယ်” ဟု ပြောသည်။
တပ်မတော်က နိုင်ငံအတွက် အကြံဉာဏ်ပေးခွင့်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်ရေး၊ ရွေးကောက်ပွဲအောင်မြင်ရေးကို ရှေးရှုပြီး အကြံပေးသင့်သည်ကို ခြိမ်းခြောက်ခြင်း၊ ကြိုတင်ဆုံးဖြတ် ကြံရွယ်ထားသည်များကို ပြောဆိုခြင်းများက တိုင်းပြည် အတွက် အလားအလာ မကောင်းနိုင်ပါဟုလည်း ဦးမျိုးဝင်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အစိုးရကို သတိပေးသည့် ထုတ်ပြန်ချက် တစောင်ထုတ်ပြီး Popular News နှင့် အမေးအဖြေကဏ္ဍတွင်လည်း ရွေးကောက်ပွဲတွင် စည်းကမ်းချိုးဖောက်မှုများ များပါက တည်ငြိမ်သည့် ဒီမိုကရေစီစနစ်ဖြစ်ရန် ခဲယဉ်းကြောင်းနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်က တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ လုပ်ကိုင်ဆောင်ရွက်မှု အလွဲအမှားများကို ထောက်ကာ ပြောဆိုသော်လည်း ရွေးကောက်ပွဲအလွန်တွင် တပ်မတော်က အာဏာသိမ်းရန် ကြံစည်နေ သည်ကို ရှေ့ပြေးနိမိတ်ဖတ်ကာ ပြောနေခြင်း ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
နိုင်ငံတော်သမ္မတရုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်များမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မကိုက်ညီ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုရာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်တစောင် ထုတ်ပြီး နိုင်ငံတော်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်း တပ်မတော်၏ အခန်းကဏ္ဍ ပြဌာန်းချက်များ ပုဒ်မများ ကို ဖော်ပြကာ ပြန်တုံ့ပြန်ထားသည်။
ဦးမျိုးဝင်းက “စစ်တပ်အာဏာသိမ်းမလားဆိုတာ စိုးရိမ်မှုတွေ ဖြစ်နေကြတာကိုး။ စစ်တပ်အနေနဲ့လည်း စဉ်းစားပေါ့နော်။ စစ်တပ်အနေနဲ့ ဒီတိုင်းပြည်ကို ငါတို့ပဲ ကယ်တင်နိုင်တယ်။ ငါတို့ပဲ အကောင်းဆုံး Institution ဖြစ်တယ်လို့ စဉ်းစားနေလို့ မရတော့ဘူး။ ဒီနေ့ကာလ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ၂၀၂၀ ကာလကို ရောက်လာပြီ။ နိုင်ငံရေးပါတီလည်း သူ့ Institution အလိုက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိလာပြီ။ အရေးကြီးတာက လူထုဆန္ဒကို အလေးထားကြဖို့ပဲ” ဟု ပြောသည်။
ရွေးကောက်ပွဲကာလအတွင်း တစုံတရာ အငြင်းပွားမှုများ ရှိပါကလည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းပဒေများ၏ ပြဌာန်းချက်များကို လေးစားလိုက်နာပြီး ဥပဒေဘောင်အတွင်းမှ ဖြေရှင်းကြရန် မျှော်လင့်ပါသည်ဟုလည်း ဦးမျိုးဝင်းက ပြောသည်။
ရွေးကောက်ပွဲပြီးစီးကာ မဲရလာဒ်အဖြေများထွက်လားပြီးသည့် နောက် အစိုးရသစ်တင်မြှောက်ရေး၊ အာဏာလွဲပြောင်းရေး တွင် ယခု စိတ်ပူနေကြသည့်အတိုင်း တပ်မတော်မှ တစုံတခု လုပ်ဆောင်ပါက ABSDF အနေဖြင့် လုံးဝလက်ခံမည် မဟုတ်ဟုလည်း ဦးမျိုးဝင်းက ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်ထောင်စု သဘောတူ စာချုပ် ၃ ပိုင်းကို ချုပ်ဆိုနိုင်ခဲ့ပြီး နောက်ဆုံး ချုပ်ဆိုသည့် အစိတ်အပိုင်း ၃တွင် ၂၀၂၀ခုနှစ်အလွန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကတိကဝတ်များကိုပါ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့သည်။
ထို့ကြောင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အစိုးရသစ် ကူးပြောင်းရေး ကို ချောချောမွေ့မွေ့ဖြစ်စေလိုပြီး အစိုးရသစ်လက်ထက်တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေးနိုင်ရန် မျှော်လင့်ထားသည်ဟုလည်း သိရသည်။
ရွေးကောက်ပွဲ မဲရလာဒ်များ ထွက်လာပြီးနောက်တွင် တပ်မတော်က ချယ်လှယ်၍မရသည့် နိုင်ငံရေးပါတီများက အစိုးရဖွဲ့နိုင်ပါက တပ်မတော်အနေဖြင့် အာဏာသိမ်းခြင်းများ လုပ်နိုင်သဖြင့် စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့က ပြောဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာ ၅ ရက်က NLD ပါတီ ဥက္ကဋ္ဌ အနေဖြင့် လူထုကို မဲဆွယ်စည်းရုံးရေး မိန့်ခွန်း ပြောရာတွင် ရွေးကောက်ပွဲကာလ တည်ငြိမ်ရေးနှင့် အငြင်းပွားမှုများ ၊ မကျေနပ်မှုများရှိပါကလည်း ဒေါသဖြင့် မတုံ့ပြန်ရန်၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကြရန် ပြောဆိုထားသည်။
You may also like these stories:
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်
လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို