ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ရခိုင်နှင့် ကရင်လူမျိုး ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်များ အနေဖြင့် ရွေးချယ်ရန် မဲစာရင်းတွင် မပါဝင်သဖြင့် တိုင်းရင်းသားလူမျိုး မဲပေးခွင့် ဆုံးရှုံးနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ မြောက်ဥက္ကလာ၊ သာကေတ၊ လှိုင်သာယာ၊ တောင်ဒဂုံမြို့နယ် အပါအဝင် မြို့နယ် အချို့တွင် ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ၁၀၀၀ ကျော်သည် မဲစာရင်းတွင် တိုင်းရင်းသား လူမျိုးစာရင်း မပါဝင် သည် ဟု ဆိုကာ တိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်ရန်အတွက် မဲခွင့်ဆုံးရှုံးလျက် ရှိကြောင်း ရခိုင်တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ဧရာဝတီသို့ ပြောသည်။
၎င်းက “တတိုင်းလုံး နီးပါးမှာ ရခိုင်တွေက လွှတ်တော်သုံးရပ်အတွက်ပဲ မဲပေးခွင့်ပဲ ရခဲ့ကြတယ်။ ရခိုင် တိုင်း ရင်းသား မဲမှာ မပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မဲပေးခွင့် မရှိခဲ့ပါဘူး။ ဒါဟာ ကျမတို့ တိုင်းရင်းသား အခွင့် အရေးတွေ ဆုံးရှုံးတာ တခုပဲ” ဟု ဧရာဝတီကို ပြောဆိုသည်။
ထိုသို့ မဲပေးခွင့်ဆုံးရှုံးရခြင်းမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ရခိုင်ဖြစ်ကြောင်း သက်သေပြနိုင်သော်လည်း မဲစာရင်းကောက်ယူရာတွင် အားနည်းချက်ကြောင့် တိုင်းရင်းသား မဲစာရင်းတွင် မပါဝင်သွားခြင်း ဖြစ်ကြောင်း ဒေါ်ထုမေက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း ရခိုင် တိုင်းရင်းသား မဲဆန္ဒရှင် ဦးရေမှာ ၁ သိန်း ၁ သောင်းကျော် ရှိကြောင်း သိရသည်။
ယင်းသို့ ကိစ္စရပ်များသည် ရခိုင်တိုင်းရင်းသား လူမျိုးရွေးချယ်ခွင့်တင်မက ကရင်တိုင်းရင်းသားလူမျိုး ရွေးချယ် မှုများတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခွင့် ဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်သည့် ကရင် ပြည်သူ့ပါတီ (KPP)မှ မန်းသန်းဝင်းဦးက တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာများအတွက် မဲပေးခွင့် နှင့် ပတ်သက်၍ မြို့နယ်တချို့မှ တိုင်ကြားချက်များ ရရှိကြောင်း၊ ယင်းနေရာများမှာ မြောက်ဥက္ကလာ၊ လှိုင်သာ ယာ၊ မြောက်ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ အင်းစိန် ကြိုကုန်း၊ မင်္ဂလာဒုံ မြို့နယ်များ ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသူ ကရင်တိုင်းရင်းသား ၂သိန်းကျော်ရှိကြောင်း ဆိုသည်။
“လွှတ်တော် ၃ရပ်အတွက် မဲလက်မှတ်ရပြီး၊ ကရင်တိုင်းရင်းသားဆိုတာ မှတ်ပုံတင်မှာရော အိမ်ထောင်စုစာရင်း မှာရော ပါရဲ့သားနဲ့ ကရင်တိုင်းရင်းသားရေးရာအတွက် မဲလက်မှတ် ဘာလို့ မရလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို မေးခွန်းထုတ်ပြီး ပြောရမယ်၊ မူလနိုင်ငံသား အခွင့်အရေးဆိုတာ ပျောက်သွားပြီ”ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ကော်မရှင်တချို့ကမူ ယင်းသို့ ကိစ္စရပ်များ ဖြစ်ပေါ်နေခြင်းကြောင့် မဲစာရင်း တွင် တိုင်းရင်းသားလူမျိုးအတွက် ရွေးချယ်ခွင့်မပါသော်လည်း နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)တွင် တိုင်း ရင်းသားလူမျိုးဟု ဖော်ပြထားပါက မဲပေးခွင့် ရရှိရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
သာကေတ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ၏ ဥက္ကဋ္ဌ ဦးဇော်ဝင်းက “ကျနော်တို့တွေ မဲစာရင်းတွေ စစ်ဖို့ နှစ်ကြိမ် ထုတ်ပြန်ပေးခဲ့တယ်။ မဲဆန္ဒရှင် ပြည်သူတွေ ကိုယ်တိုင်က မဲစာရင်းစစ်ဖို့ကို အားနည်းခဲ့လို့ အခု လိုပြဿနာတွေ ဖြစ်နေတာပါ။ ကျနော်တို့မြို့နယ်မှာတော့ ခရိုင်နဲ့ တိုင်းကော်မရှင်တို့က ညွှန်ကြားထားတဲ့ အတိုင်း မဲစာရင်းမှာ မပါတဲ့သူတွေကို မဲပေးခွင့် မပေးခဲ့ပါဘူး။ ကျနော်တို့က ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာပါ” ဟု ပြောသည်။
အချို့ မြို့နယ်များတွင်မူ မဲစာရင်းတွင် မပါဝင်သော်လည်း နိုင်ငံသား စိစစ်ရေးကတ်တွင် တိုင်းရင်းသားဖြစ် ကြောင်း အထောက်အထား ပြနိုင်ပါက မဲပေးခွင့် ရရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၆ ဦးနှင့် ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အတွက်မူ ကိုယ်စားလှယ်လောင်း ၇ ဦး ယှဉ်ပြိုင်လျက် ရှိသည်။
You may also like these stories:
ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ