ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်နှင့် မိုင်းတုံမြို့တို့ အသက် ၁၈ နှစ်မပြည့်သေးသူများအား မဲလာပေးခိုင်းမှု ရှိနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စိုင်းဝဏ္ဏ ကပြောသည်။
၎င်းက “အဲဒါ ဝ အဖွဲ့က လူတွေ။ အသက်ငယ်လို့ ကျနော်တို့ က မသင်္ကာလို့ ခေါ်မေးကြည့်တဲ့ အခါမှာ ၁၈ နှစ် မပြည့်ဘူးဖြစ်နေတယ်။ အဲဒါ မိဘမလာနိုင်လို့ဆိုပြီး ကလေးကို မဲလက်မှတ်နဲ့ လွှတ်ပေးလိုက်တာတွေရှိတယ်။ အရေအတွက် အားဖြင့်တော့ ဆယ်ဂဏာန်းလောက် ရှိပါတယ်” ဟု ဧရာဝတီသို့ပြောကြားသည်။
အသက် ၁၈ နှစ်မပြည့်သူများအား မဲပေးခွင့်မပေးဘဲ အိမ်ပြန်လွှတ်ရန် မဲရုံမှူးများကို ပြောဆိုခဲ့ရကြောင်း စိုင်းဝဏ္ဏက ပြောသည်။
၎င်းက “သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ကျနော် ခရိုင်ကော်မရှင်ကို ဖုန်းဆက်ပြီး ဒီကိစ္စဖြေရှင်းပေးပါလို့ ပြောလိုက်တယ်။ သူတို့လည်း ခွင့်မပြုဘဲ ပြန်လွှတ်ပါတယ်။ မိဘတွေကို လာခိုင်းတာတွေရှိပါတယ်” ဟု ဆိုသည်။
မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်ချိုက မိုင်းဆတ်နှင့် မိုင်းတုံမြို့တို့တွင် အသက်မပြည့်သေးသူများ မဲရုံသို့လာရောက်ပြီး မဲလာပေးမှုရှိနေသည် ဆိုသော ကိစ္စကို ၎င်းအနေနှင့် မသိကြောင်းပြောသည်။
“ကျနော့်ဆီတော့ ဖုန်းလည်းမဆက်ဘူး။ စာနဲ့အကြောင်းကြားတာလည်းမရှိဘူး” ဟု ပြောသည်။
မိုင်းတုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဌ ဦးအောင်မြင့်ဦး ကမူ အသက်မပြည့်သေးသည့် ကလေးငယ်များကို မဲရုံအနီးသို့ပင် ပေးမလာကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများက စာဖြင့်ကန့်ကွက်ထားခြင်းမဟုတ်ဘဲ နှုတ်ဖြင့် ပြောဆိုထားခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
You may also like these stories:
ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်
ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိစွာနဲ့ ပြီးသွားမယ်လို့ မြင်တယ်
သူတို့ နိုင်ငံသားတာဝန်ကျေခဲ့ပြီ