ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆန္ဒမဲ လက်မှတ် အားလုံး ရေတွက်ပြီးစီးချိန်တွင် မဲဆန္ဒနယ် ၅ နေရာလုံး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရသည် ဟု သတင်းရရှိသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပလက်ဝမြို့နယ်တွင် NLD ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)၊ ခူမီး(ခမီး) အမျိုးသားပါတီနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြရာ NLD မှ ကိုယ်စားလှယ် လောင်းများက မဲဆန္ဒနယ် ၅ နေရာလုံးတွင် မဲအများဆုံး ရရှိကာ အနိုင်ရသွားခြင်း ဖြစ်သည်။
ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၏ ဥက္ကဋ္ဌ ဦးအုပ်နောလ်က “ပလက်ဝက ဖုန်းသတင်းနဲ့ပဲ။ NLD က အား လုံး နိုင်သွားတယ်ဆိုတာ သိပါတယ်။ မဲရလဒ်လည်း ကျနော်တို့ မသိနိုင်သေးဘူး။ ပုံစံ ၁၆ လည်း မရနိုင်သေးပါဘူး။ လမ်း ပန်းဆက်သွယ်ရေး ခက်ခဲနေလို့ပါ” ဟု ပြောသည်။
မဲအများဆုံး ရရှိထားပြီး အနိုင်ရသွားသည့် NLD ၏ ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဦးစိန်အောင်၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် (၇) တွင် ဦးဝှေ့တင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၈) တွင် ဦးပြေ မင်း၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၁) တွင် ဦးစိုးထက်နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ဦးမျိုးထပ် တို့ ဖြစ်သည်။
ထို ၅ ဦးအနက် ဦးစိုးထက်သည် လက်ရှိ ချင်းပြည်နယ်၏ စည်ပင်ဝန်ကြီး ဖြစ်ပြီး ကျန် ၄ ဦးသည်လည်း လက်ရှိ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော်တို့၏ တာဝန်ထမ်းဆောင်နေဆဲ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မဲအများဆုံးရသည့် ကိုယ်စားလှယ်ကို အနိုင်ရကြောင်း ကြေညာရန်၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ဖြစ်သည့် မြို့နယ်၊ ပြည်နယ်တို့က စိစစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သို့ ပေးပို့ရမည် ဖြစ်သည်။
UEC က ထပ်မံ စိစစ်ကာ အနိုင်ရရှိကြောင်း တရားဝင် ကြေညာပေးမည် ဖြစ်သော်လည်း ပလက်ဝမြို့နယ်အတွင်းမှ မဲရ လဒ်များကို ပလက်ဝမြို့ပေါ်တွင် စုဆောင်းရန် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ရှိနေသဖြင့် ၂ ရက်ခန့် ကြာမည်ဟု သိရသည်။
ဦးအုပ်နောလ်က “ဒီမနက် ရှင်းလက်ဝနဲ့ ဆမီးက ရလဒ်တွေကို မတူပီဘက် သယ်လာတယ်။ ရှင်းလက်ဝက မတူပီက ၂ ရက်ကြာတယ်။ ဆမီးလည်း လမ်းအခြေအနေအရ မိုးတွင်း ပုံစံမို့ ၁ ညကြာမယ်။ မနက်ဖြန်က မတူပီကို ရောက်မယ်။ အဲဒီ ပုံစံ ၁၆ က ပလက်ဝကို ရောက်ဖို့ လိုသေးတယ်။ တပ်မတော်ကို ရဟတ်ယာဉ်နဲ့ ပို့ပေးဖို့ ကျနော်တို့က အကူအညီတောင်း ထားတယ်။ သဘက်ခါ ပလက်ဝ ရောက်မယ်။ ပလက်ဝက ပုံစံ ၁၆ ချုပ်၊ ၁၈၊ ၁၉ သွင်းပြီးမှ ကျနော်တို့ဆီ တရားဝင်ပို့မယ်။ ဒီကနေမှ UEC ကို တင်ရမှာပါ” ဟု ပြောသည်။
UEC မှ အတည်ပြုချက် ရယူရန် အနည်းဆုံး ၃ ရက်ကြာပါမည် ဟုလည်း ဦးအုပ်နောလ်က ပြောသည်။
လက်ရှိ စည်ပင်ဝန်ကြီးဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း ပြည်နယ် မဲဆန္ဒနယ် (၁)မှ အနိုင်ရသွားသည့် ဦးစိုးထက်က “ကျနော်က မဲ ၂၉၀၂ မဲ ရတယ်။ ကျနော်နဲ့ ပြိုင်ဘက် USDP က ၁၁၀၇ မဲပါ ” ဟု ပြောသည်။
ဦးစိုးထက်က လာမည့် လွှတ်တော်သက်တမ်းအတွင်း ၎င်း လုပ်ဆောင်မည့် နံပါတ် (၁) ဦးစားပေးမှာ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးကို ကြိုးစားရန်နှင့် နံပါတ် (၂) ဦးစားပေးလုပ်မည့် ကိစ္စရပ်မှာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေး ကောင်းမွန်ရေး ဆောင်ရွက်ပါမည်ဟု ကတိပြု ပြောဆိုသည်။
ဦးစိုးထက်က “ငြိမ်းချမ်းရေး ကိစ္စက ကျနော်တို့ တိုက်ရိုက်လုပ်လို့ မရဘဲ NRPC က လုပ်ပါမယ်။ ဒါပေမယ့် ကျနော်တို့ ဒေသမှာဆို ချင်းအမျိုးသားတပ်ဦး (CNF) ရှိတယ်။ သူတို့နဲ့ AA တို့ဆိုလည်း လိုင်ဇာမှာ သင်တန်းတက်ကြတော့ လုပ်ဖော် ကိုင်ဖက် မဟာမိတ်တွေလေ အရင်တုန်းကလေ။ သူတို့နဲ့ ကြားခံပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်အောင် လုပ် ဆောင်ဖို့ပါ” ဟု ပြောသည်။
တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ရပ်စဲပြီး AA ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းအတွင်း ပါလာစေရန် စွမ်းဆောင်နိုင်သည့် ဘက်မှ ကြိုးစားပါမည် ဟုလည်း ဦးစိုးထက်က ဆိုသည်။
ထို့ပြင် ဦးစိုးထက်က ချင်းပြည်နယ်တခုလုံး လူဦးရေ၏ ၅ ပုံ ၁ ပုံ လူဦးရေသည် ပလက်ဝမြို့နယ်တွင် နေထိုင်သဖြင့် အစိုးရ သစ် လက်ထက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းပါက ပလက်ဝမြို့နယ်အတွက် ကိုယ်စားပြု ရွေး ကောက်ခံရသည့် ကိုယ်စားလှယ်များထဲမှ ၁ ဦးက ဝန်ကြီးတနေရာ ရရှိမည့် အခြေအနေ ရှိပါသည်ဟုလည်း ပြောသည်။
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် မဲအများဆုံး ရရှိထားသည့် ဦးစိန်အောင်ကလည်း “ကျနော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၊ ကျနော်နဲ့ ဒုတိယ ရသူက မဲ ၇၀၀ လောက် ကွာတယ်။ တတိယရတဲ့ သူနဲ့ ၉၀၀ လောက်ကွာတယ်။ ၃ ယောက်ထဲမှာ ကျနော်က အများဆုံးပါ။ မဲကွာတာကတော့ ၇၀၀ လောက် ကွာပါတယ်။ ကျနော်က ၃၃၃၃ ရထားတာပါ” ဟု ပြောသည်။
ဦးစိန်အောင်က လာမည့် ၅ နှစ်၊ လွှတ်တော် သက်တမ်းအတွင်း ပလက်ဝမြို့နယ်၌ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် စေရေး၊ ဒေသဖွံံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ တယ်လီဖုန်းလိုင်းများ ရရှိရေးနှင့် ဒေသခံများ စားဝတ်နေရေး အဆင်ပြေစေ ရေးတို့ကို ဦးစားပေးကာ ဆောင်ရွက်ပါမည်ဟု ပြောသည်။
ဆက်လက်ပြီး ဦးစိန်အောင်က “ပဋိပက္ခကတော့ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွေမှာ အဖြေရှာရပါမယ်။ ကျနော်တို့ လုပ်နိုင်တာကတော့ စားဝတ်နေရေးအတွက် နေထိုင်ရေးကိစ္စ၊ လမ်းတွေပိတ်ထားတော့ အဆက်အသွယ် ပြတ် တောက်တော့ ပလက်ဝ၊ ဆမီး၊ မတူပီ လမ်းကြောင်းကို ပိုအဆင့်မြင့်ပြီး အမာခံ လမ်းကြောင်း ဖြစ်သွားအောင် ကျနော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ် ခင်ဗျ” ဟု ဆိုသည်။
ပလက်ဝမြို့နယ်သည်၂၀၂၀ အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား လက်နက်ကိုင်ပဋိပက္ခ အများဆုံး ဖြစ် ပွားခဲ့သည့် နယ်မြေဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပလက်ဝမြို့နယ်တွင်း စစ်ရေးတင်းမာမှုများနှင့် နှစ်ဖက်တပ်များ ဆိုင် ထားဆဲ အခြေအနေ ဖြစ်သည်။
အောက်တိုဘာ အစောပိုင်းတွင် ပလက်ဝမြို့နယ်၏ နေရာအားလုံးတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ် လျာ ထားသော်လည်း နယ်မြေလုံခြုံရေး မရှိခြင်း၊ အချို့ကျေးရွာအုပ်စုများတွင် အစိုးရအုပ်ချုပ်ရေး မသက်ရောက်ဘဲ AA တပ် ဖွဲ့ဝင်များ ဝင်ရောက်နေရာ ယူထားခြင်း၊ စစ်ပဋိပက္ခဖြစ်ရာ နယ်မြေဖြစ်နေခြင်း တို့ကြောင့် အောက်တိုဘာ၂၈ ရက်တွင် ကျေးရွာအုပ်စု ၉ ၄ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်တော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ကြေညာခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်အတွင်းရှိ ပလက်ဝမြို့နှင့် ဆမီးမြို့ပေါ်မှ မြို့ပေါ် ရပ်ကွက် ၇ ခုနှင့် ရှင်းလက်ဝ ကျေးရွာအုပ်စု ၁ စုတည်းတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။
ကနဦးက ပလက်ဝမြို့နယ်တွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၆၅၀၀၀ ဝန်းကျင် ရှိသော်လည်း ကျေးရွာအုပ်စု ၉၄ စုတွင် ရွေး ကောက်ပွဲ မကျင်းပနိုင်သဖြင့် လူဦးရေ ၄၀၀၀၀ ကျော်မှာ မဲပေးခွင့် ဆုံးရှုံးခဲ့ပြီး ကျန်လူဦးရေ ၁၇၀၀၀ ကျော်ကသာ မဲပေး ခွင့် ရရှိခဲ့သည်။
ပလက်ဝသည်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း မြို့နယ်လုံးကျွတ်၊ မဲဆန္ဒနယ် အားလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။
You may also like these stories:
NLD က ချင်းပြည်နယ်မှာ အကုန်လုံးနီးပါး အောင်နေပြီ