ထိုင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် တနင်္ဂနွေနေ့ညနေပိုင်းတွင် ဘန်ကောက်ရှိ တော်ဝင်နန်းတော်သို့ သွားရောက်ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးစာများပေးပို့ရန် သွားရောက်စဉ် အဓိကရုဏ်းရဲတပ်ဖွဲ့က မီးသတ်ပိုက်များ အသုံးပြုလူစုခွဲခဲ့သည်။
ဆန္ဒပြပွဲများသည် မကြာသေးမီလများအတွင်း ထိုင်းနိုင်ငံ တနိုင်ငံလုံးသို့ ပျံ့နှံ့နေသည်။ တော်ဝင်မိသားစု၏ သြဇာနှင့် ကြွယ်ဝချမ်းသာမှုကို ထိန်းချုပ်ရန်နှင့် ဝန်ကြီးချုပ် ပရာယွဒ် ချိန်အိုချာ နုတ်ထွက်ရန် တောင်းဆိုသောကြောင့် နှစ်ရှည်ထောင်ကျမည့် အန္တရာယ်ရှိသည့် ထို ဆန္ဒပြပွဲများကို လူငယ်များက ဦးဆောင်သည်။
တနင်္ဂနွေနေ့ ညနေပိုင်းတွင် မီးသတ်ပိုက်များဖြင့် လူအုပ်ကို ခဏတာမျှ လူစုခွဲသော်လည်း ဆန္ဒပြသူများသည် ထိုနေရာမှ ထွက်ခွာသွားခြင်း မရှိပေ။ နောက်ပိုင်းတွင် ရေကာမျက်မှန်များနှင့် ဦးထုပ်အမာများကို အကာအကွယ်အဖြစ် ဝတ်ဆင်ထားသော ဆန္ဒပြသူများသည် ဘတ်စ်ကားများနှင့် နန်းတော်သို့ မသွားရောက်နိုင်စေရန် ရဲတပ်ဖွဲ့က ချထားသည့် သံဆူးကြိုး အကာအရံများကို ဖယ်ရှားကြသည်။ အမှိုုက်ပုံးဟောင်းများဖြင့် ပြုလုပ်ထားသည့် စာတိုက်ပုံးအတုများကို သယ်ဆောင်လာပြီး တော်ဝင်မိသားစု ဗျူရိုသို့ လိပ်မူထားသည်။ ထိုစာများတွင် ဘုရင်စနစ်ပြုုပြင်ပြောင်းလဲရန် တောင်းဆိုထားသော စာများဖြစ်သည်။
“ပြည်သူများက ဘုရင်ကို ချစ်သည်မချစ်သည်မှာ အရေးမကြီးဘဲ ဘုရင်က ပြည်သူအားလုံးကို တပြေးညီ ချစ်ရမည်။ ဘုရင်က သူချစ်သော ပြည်သူများကို စကားပြောနိုင်လျှင် ၎င်းတို့နှင့် လုံးဝမတူသော ပြည်သူများနှင့်လည်း စကားပြောဆိုနိုင်ရမည်”
ဘုရင် မဟာဗာဂျီယာလောင်ကွန်သို့ ပေးပို့သောကြေညာချက်တစောင်တွင် ဆန္ဒပြသူများက ဘုရင်အနေဖြင့် မြှောက်ပင့်ချီးမွမ်းမှုများကိုသာမက အကြောက်တရားကင်းမဲ့သော ဝေဖန်မှုများကိုလည်း နားထောင်သင့်ကြောင်း ဖေါ်ပြထားသည်။
“ပြည်သူများက ဘုရင်ကို ချစ်သည်မချစ်သည်မှာ အရေးမကြီးဘဲ ဘုရင်က ပြည်သူအားလုံးကို တပြေးညီ ချစ်ရမည်။ ဘုရင်က သူချစ်သော ပြည်သူများကို စကားပြောနိုင်လျှင် ၎င်းတို့နှင့် လုံးဝမတူသော ပြည်သူများနှင့်လည်း စကားပြောဆိုနိုင်ရမည်”ဟု ထိုကြေညာချက်က ဖေါ်ပြထားပြီး တန်းတူညီမျှ လူသားသိက္ခာ၏ သြဇာဖြင့်၊ ပြည်သူများဟု လက်မှတ်ရေးထိုးထားသည်။
ထိုကြေညာချက်သည် လွန်ခဲ့သောအပတ်တွင် ဘုရင်ကပြောကြားခဲ့သည့် လွန်စွာထူးခြားသော စကားကို ရည်ညွှန်းထုတ်ပြန်ခြင်းဖြစ်သည်။ ထိုစဉ်က ဘုရင်သည် သူ့ကိုထောက်ခံသူများအကြားတွင် လမ်းလျှောက်နေစဉ် Channel 4 news နှင့် CNN က ဆန္ဒပြပွဲများကို မည်သို့ မြင်သနည်းဟု မေးသည်။ “ကျနော်တို့ကတော့ အားလုံးကို တပြေးညီချစ်တယ်” ဟု ဘုရင်က ဆန္ဒပြသူများနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှု လုပ်မည်လားဟု မေးသောအခါ ဘုရင်က “ထိုင်းဟာ စေ့စပ်ညှိနှိုင်းမှုတွေရဲ့နိုင်ငံဖြစ်တယ်” ဟု ပြောပြီး အလျှင်အမြန်ပြန်ထွက်သွားခဲ့သည်။
ပြုပြင်ပြောင်းလဲရန် ၎င်းတို့၏ တောင်းဆိုမှုများသည် “လုံး၀ စေ့စပ်ညှိနှိုင်းခြင်း” ဖြစ်ကြောင်း ဆန္ဒပြသူများက ကြေညာချက်တွင် ဖေါ်ပြထားသည်။
ဆန္ဒပြသူများက ကာလကြာမြင့်ပြီးဖြစ်သော အစဉ်အလာကို ချိုးဖေါက်ပြီး အများပြည်သူလိုလားချက်အား ဖြည့်ဆည်းပေးရန် တော်ဝင်မိသားစုကို တောင်းဆိုကြသည်။ ဘုရင်စနစ်၏ အသုံးစရိတ်ကို လျှော့ချသင့်ကြောင်းနှင် ဘုရင်၏ ပုဂ္ဂလိက ငွေကြေးနှင့် နန်းတော်ရန်ပုံငွေကို သီးခြားခွဲထားသင့်ကြောင်း ဆန္ဒပြသူများ တောင်းဆိုသည်။ ဘုရင်သည် နောက်ထပ် မည်သည့် အာဏာသိမ်းမှုကိုမျှ ထောက်ခံ အတည်ပြု မပေးရန်နှင့် တော်ဝင်မိသားစုအနေဖြင့် ဝေဖန်မှုများအပေါ် အကာအကွယ် မထားရန်လည်း ၎င်းတို့ တောင်းဆိုသည်။
တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က လပေါင်းများစွာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို မီးသတ်ပိုက် အသုံးပြုပြီး လူစုခွဲခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်စနစ်သည် လေးစားဦးချခံရသည့် အဆင့်သို့ ပေးထားသည်။ ဘုရင်ကိုဖြစ်စေ၊ မိဖုရားကိုဖြစ်စေ အရိုက်အရာဆက်ခံမည့်သူကိုဖြစ်စေ သိက္ခာကျစေခြင်း၊ စော်ကားခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းသည် ထောင် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။
တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က လပေါင်းများစွာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို မီးသတ်ပိုက် အသုံးပြုပြီး လူစုခွဲခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။
ထိုနေ့အစောပိုင်းက ဘုရင်ကို ထောက်ခံသူ ဒါဇင်အချို့ကလည်း တန်ပြန်ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့သည်။
မီးသတ်ပိုက်များကို အသုံးပြုခြင်းမှာ သတိပေးသည့် သဘောသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူတဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။ နန်းတော်ပြင်ပတွင် ခဏတာ ထိပ်တိုက်တွေ့စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်တယောက်နှင့် ဆန္ဒပြသူ လေးယောက် ဒဏ်ရာရကြောင်း ဘန်ကောက်အာဏာပိုင်အဖွဲ့၏ အရေးပေါ်ဌာနကပြောသည်။
ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့နောက်ပိုင်းတွင် ဆန္ဒပြသူ အနည်းဆုံး ၈၄ ယောက်ကို တရားစွဲဆိုထားသည်။ ထောင် ၇ နှစ်အထိကျနိုင်သည့် အစိုးရကို ဆန့်ကျင်မှု ကဲ့သို့သော စွပ်စွဲချက်မျိုးဖြင့် ဆန္ဒပြသူများကို စွဲဆိုကြသည်။ အစိုးရသည် ပြည်သူများကို ဖိနှိပ်ရန်နှင့် အသံတိတ်သွားစေရန် ဝေဝါးပြီးလွန်စွာတင်းကျပ်သည့် ဥပဒေများကို သုံးနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောကြားထားသည်။
ကိုးကား။ ။ Bangkok Post, Reuters
You may also like these stories:
ဘုရင်နဲ့ ကျမ (သို့မဟုတ်) ထောင်နှုတ်ခမ်းနင်းပြီး ထိုင်းဘုရင်စနစ်ကို စိန်ခေါ်သောကျောင်းသူ
ဘုရင်စနစ်နှင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို
ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ