ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ရှောက်ခြုံကျေးရွာအတွင်းသို့ နိုဝင်ဘာလ ၁၀ ရက် ညနေ ၇ နာရီခန့်က လက်နက်ကြီးကျည် တလုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ရွာသား ၆ ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရှောက်ခြုံကျေးရွာမှ ဒဏ်ရာရသူ ဒေါ်တင်မေနန်း၏ ယောက်မ တော်စပ်သူ ဒေါ်ချိုချိုသန်းက “ ကဇုကိုင်းဘက်ကနေ လက်နက်ကြီး ကျည် ၁ လုံးက ဦးဌေးဝင်း အိမ်ရှေ့က သစ်ပင်ကိုကျရောက် ပေါက်ကွဲပြီးတော့ ကျည်စတွေ လွင့်စင် ပြီးတော့ လာထိတာ။ အဲဒီမှာ တအိမ်တည်းက ၃ ယောက်က ထမင်းစားဖို့ ဆိုပြီးတော့ လုပ်နေရင်းထိမှန်တာ။ တခြား နေအိမ်က ၁ ယေက်အပြင် လမ်းမှာ သွားနေသူ ၂ ယောက်တို့မှာလည်း ကျည်စတွေ ထိမှန်ပြီးတော့ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာ ” ဟုပြောသည်။
ယင်းနေ့ နံနက်ပိုင်းတွင်မူ ရှောက်ခြုံကျေးရွာနှင့် ၅ ဖာလုံအကွာအဝေးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ယင်း ကျည်စထိမှန်မှုကြောင့် အသက် ၃ နှစ်အရွယ် မတိုးတိုးတွင် ဘယ်ခြေထောက်၊ အသက် ၆ နှစ်အရွယ် မောင်လင်း လင်းချေတွင် ကျောကုန်းနှင့် ညာဘက် လက်မောင်း၊ ၊ အသက် ၁၃ နှစ်အရွယ် မောင်မောင်တွင် ညာဘက်ဘေးစ၊ အသက် ၁၅ နှစ်အရွယ် ကိုလှမင်းတွင် ဦးခေါင်းနှင့် ညာတင်ပါး၊ အသက် ၃၁ နှစ်အရွယ် ဒေါ်တင်မေနန်းတွင် ခြေထောက်ဒူးဆစ် နှစ်ဘက်စလုံးနှင့် ၅၄ နှစ်အရွယ် ဦးခင်မောင်တွင် ခါးဆစ်နှင့် ညာဘက်ပေါင်တို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြခြင်း ဖြစ်သည်။
ယင်းလူနာများကို လက်ရှိတွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ ဆေးရုံတွင် ဆေးကုမှုခံယူနေရပြီး လက်ရှိတွင် ယင်း အထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်းလည်း ကမ်းထောင်းကြီးဒေသခံများ ထံမှ သိရသည်။
ကမ်းထောင်းကြီးမြို့နာရေးကူညီမှုအသင်းမှ ဦးဝင်းလှအောင်က “ ခါးဆစ်မှာ ဒဏ်ရာသူ ဦးခင်မောင်နဲ့ တင်မေနန်းမှာ ခြေထောက် ဒူးဆစ်ကျိုးသွာတဲ့ ပုံပေါက်နေပြီး ကျန်ဒဏ်ရာ ပြင်းထန်သူ စုစုပေါင်း ၃ ဦးကို စစ်တွေမှာ ကုသဖို့လိုအပ်မယ်။ ကျန် ၃ ယောက်ကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ကုသလို့ ရမယ် ” ဟုပြောသည်။
အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး က “ ဒေသခံ ၆ ဦးဒဏ်ရာရတာကို သတင်းကြားတယ်။ ကျနော် မနေ့က စစ်တွေကို လာတုန်းကတော့ ကားလမ်းမထက် ခြောက်ခြုံနဲ့ ကဇုကိုင်း တံတားနားတွေမှာ တပ်မတော်သားတွေ ဟိုတစု ဒီတစုတော့တွေ့ခဲ့ ရတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်နဲ့ အဲဒီကိစ္စ အသေးစိတ်ကိုတော့ ကျနော်လည်း မပြောနိုင်ဘူး” ဟု ဆိုသည်။
အမ်းမြို့နယ်သည် စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသတခု ဖြစ်နေသော်လည်း အပြစ်မဲ့အရပ်သားများ နေထိုင်သည့် ကျေးရွာ များကို လက်နက်ကျည်ဆံများ မကျရောက်ရန် အတွက် လက်နက်ကိုင်များအနေဖြင့် ဆင်ခြင်သင့်ကြောင်း အမ်းဒေသခံ များက ပြောဆိုနေကြသည်။
အမ်းမြို့ခံ ကိုမျိုးလွင်က “ အပြစ်မဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်ထိမှန်အောင် လှမ်းပစ် မှုတွေဟာ ကျေးရွာသားတွေရဲ့ အသက်လုံခြုံမှုကို အလွန်တရာ ခြိမ်းခြောက်မှုဖြစ်နေတယ်။ ကိုယ့်အိမ်မှာ နေထိုင်ရင်းနဲ့ အကာအကွယ် မဲ့နေကြရတာ စိတ်မကောင်းစရာပဲ ” ဟု ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်း မရှိသေးပေ။
ယင်းအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘုတ်ပေ့ချ်နှင့် ဝက်ဘ်ဆိုက်တို့လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
လက်ရှိတွင် ရှောက်ခြုံကျေးရွာသားများမှာ ထပ်မံပြီး လက်နက်ကြီးကျည်ကျရောက်မည်ကို စိုးရိမ်ကြသည့်အတွက် နီးစပ်ရာကျေးရွာများနှင့် ကမ်းထောင်းကြီးမြို့ပေါ်သို့ ထွက်ပြေးနေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် စစ်ဘေး ဒုက္ခသည် ၂ သိန်း ၃ သောင်းကျော်အထိ ရှိလာနေသည်။
You may also like these stories:
ကချင်နှင့် ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာကို LNDP အနိုင်ရ
ကချင်ပြည်နယ်တွင် NLD ပါတီ ၇၄ ရာခိုင်နှုန်းကျော် အနိုင်ရ